Pika (NP News) - နိုဝင်ဘာ ၂၂
ဂရင်းလန်းကျွန်းကိုသိမ်းပိုက်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့မှုကြောင့် လပေါင်းများစွာကြာ တင်းမာမှုများအပြီးတွင် ဂရင်းလန်းကျွန်းပေါ်မှာ အမေရိကန် စစ်တပ်၏တည်ရှိမှုကိုတိုးချဲ့မည့် သဘောတူညီချက်တစ်ခုကို ဒိန်းမတ်လွှတ်တော်ကအတည်ပြုလိုက်ကြောင်း သိရသည်။
တရားဝင်အချက်အလက်များအရ လွှတ်တော်သို့တက်ရောက်လာသည့် အမတ်(၁၀၉)ဦး စလုံးက ထောက်ခံမဲပေးခဲ့ကြပြီး ကန့်ကွက်မဲပေးသူမရှိခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်အရ အမေရိကန်သည် လက်ရှိ ရှိပြီးသား Pituffik အာကာသစခန်းကို တိုးချဲ့နိုင်မည်ဖြစ်ပြီး အခြားနေရာ(၂)ခုတွင်လည်း စစ်ဘက်ဆိုင်အရာအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိသွားမည် ဖြစ်သည်။
ထို့ပြင် နောက်ထပ်တိုးချဲ့မှုများလုပ်ဆောင်ရန်နှင့် ဒေါ်နယ်ထရမ့်စီစဉ်ထားသည့် “Golden Dome’’ ဒုံးကျည် ကာကွယ်ရေးစနစ်ကို တပ်ဆင်အသုံးပြုရန်အတွက်လည်း ခွင့်ပြုထားကြောင်းသိရသည်။ သဘောတူညီချက်ထဲတွင် ဂရင်းလန်းကျွန်းအပေါ် ဒိန်းမတ်နိုင်ငံ၏အချုပ်အခြာအာဏာကို ပြန်လည်အတည် ပြုထားပြီး နိုင်ငံတကာဥပဒေအရ ဂရင်းလန်းပြည်သူများသည် ၎င်းတို့၏ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ပိုင် ခွင့်ရှိသည့်လူမျိုးတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည်။
ထို့ပြင် ဒိန်းမတ်နှင့်ဂရင်းလန်းတို့က ၎င်းတို့အနေဖြင့် သဘောတူညီချက်ကိုလက်ခံကြောင်း အမေရိကန်ဆီ တရားဝင်အသိပေးအကြောင်းကြားလိုက်သည်နှင့်တစ်ပြိုင်နက် ယင်းသဘောတူညီချက်က အသက်ဝင်လာမည် လည်း ဖြစ်သည်။ မဟာဗျူဟာမြောက်နေရာတွင်တည်ရှိနေသည့် ဂရင်းလန်းကျွန်း ကိုသိမ်းပိုက်သွားမည်ဟု ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် လပေါင်းများစွာကြာ တင်းမာမှုများအပြီး ပြီးခဲ့သည့်စက်တင် ဘာလတွင် အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်းတို့က သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် အချိန်(၂)လနီးပါးအကြာတွင် ဒိန်းမတ်လွှတ်တော်ဘက်မှ အတည်ပြုမှုများ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ဂရင်းလန်းကျွန်းသည် မဟာဗျူဟာမြောက်နေရာတွင်တည်ရှိနေမှုနှင့်အတူ မြောက်ဝင်ရိုးစွန်းဒေ သကိုဖြတ် သန်းလာသည့် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များနှင့် အသံထက်မြန်သောဒုံးကျည်များကို ထောက်လှမ်းခြင်း၊ ခြေရာခံခြင်းနှင့်ကြားဖြတ်ဟန့်တားခြင်းတို့လုပ်ဆောင်နိုင်ရန် ဒေါ်နယ်ထရမ့်ကအဆိုပြု ထားသော “Golden Dome’’ ဒုံးကျည်ကာကွယ်ရေး စနစ်သည်လည်း အဓိကအခန်းကဏ္ဍမှပါဝင်လာနိုင် ဖွယ်ရှိနေကြောင်းသိရသည်။
