ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂
လက်ရှိ မလေးရှားနိုင်ငံတွင် နေထိုင်နေသည့် ဘင်္ဂါလီ (၁၀,၀၀၀) ကို လက်ခံသွားမည်ဟူသော မလေးရှား၏ ကြေညာချက်ကို တူရကီနိုင်ငံက ပယ်ချလိုက်သည်။
စနစ်တကျ ဖွဲ့စည်းထားသည့် ကျွမ်းကျင်မှုသင်တန်းအစီအစဉ်တစ်ခုမှတစ်ဆင့် အဆိုပါဒုက္ခသည်များကို တူရကီတွင် ပြန်လည်နေရာချထားပေးသွားမည်ဟု မလေးရှားက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ကြေညာချက်ကို ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီ (Ahmad Zahid Hamidi) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ မည်သည့်ရှင်းလင်းချက်မျှမပေးဘဲ ပြန်လည်ဖယ်ရှားခဲ့သည်။
ရုံးချိန်ပြင်ပ ဖြစ်နေသောကြောင့် မှတ်ချက်ရယူရန် အာမက် ဇာဟစ်၏ ရုံးခန်းသို့ ဆက်သွယ်၍ မရခဲ့ကြောင်း ရိုက်တာသတင်းဌာနကဆိုသည်။အဆိုပါ ကြေညာချက်သည် "အခြေအမြစ် မရှိကြောင်း" တူရကီသမ္မတရုံး၏ မှားယွင်းသည့်သတင်းအချက်အလက် တိုက်ဖျက်ရေးဌာနက X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး မှားယွင်းသည့် အကြောင်းအရာများကို မယုံကြည်ကြရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။
ကနဦး ကြေညာချက်တွင် အာမက်ဇာဟစ်က အဆိုပါ အဆိုပြုချက်သည် မလေးရှားနိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည် အခြေအနေကို ပိုမို "ညှိနှိုင်းဆောင်ရွက်မှုရှိပြီး ထိရောက်ကာ လူသားဆန်သော နည်းလမ်းဖြင့်" ဖြေရှင်းရန် အစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောသည်။