NP News

ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် လုပ်ဆောင်မည်ဟု ပြင်သစ်အစိုးရပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂

ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ပယ်ချခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု နိုဝင်ဘာ (၂၁) ရက်တွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ICJ ၏ စီရင်ဆုံးဖြတ်ချက်များသည် အပြီးသတ်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိကာ နိုင်ငံတကာဥပဒေနှင့်အညီ အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ရမည်ဖြစ်သည်ဟု သတိပေးလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အငြင်းပွားမှုတွင် ပါဝင်သည့်အဖွဲ့အစည်းတစ်ခုခုက ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ICJ ၏ စီရင်ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်စေရန်အတွက် လုံခြုံရေးကောင်စီအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနိုင်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်တွင် နိုင်ငံတကာတရားရုံး (ICJ) က မြန်မာနိုင်ငံသည် ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့ကြောင်း သမိုင်းဝင် စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘဂ်ါလီများ၏အစိတ်အပိုင်းတစ်ရပ်ကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားသူကြီး (၁၅) ဦးအနက် (၉) ဦးက ထောက်ခံပြီး (၆) ဦးက ကန့်ကွက်မဲဖြင့် ဆုံးဖြတ်ခဲ့သည်။
ICJ၏ ဆုံးဖြတ်ချက်ထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပြည်ပနိုင်ငံများ (သို့) ပြည်တွင်း၌ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဘဂ်ါလီများကိုဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးရန်။ဆုံးရှုံးနစ်နာခဲ့သည့် ဘင်္ဂါလီများနှင့် အသိုက်အဝန်းအတွက် လျော်ကြေးပေးရန်၊ ကွန်ဗင်းရှင်းနှင့်အညီ ပြည်တွင်းဥပဒေများ ပြဋ္ဌာန်းရန်နှင့် ဆောင်ရွက်ထားသည့်အစီအမံများကို နှစ်နှစ်အတွင်း တရားရုံးသို့ အစီရင်ခံစာ တင်သွင်းရန် ညွှန်ကြားခဲ့သည်။

မြန်မာအစိုးရဘက်က ICJ စီရင်ချက်သည် "မမျှတကြောင်း" နှင့် တရားသူကြီး (၁၅) ဦးတွင် (၆) ဦးက ကန့်ကွက်ခဲ့သောကြောင့် တညီတညွတ်တည်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် မဟုတ်ကြောင်း စီရင်ချက်ကို လိုက်နာမည် မဟုတ်ကြောင်း ယခင်ကတည်းက ငြင်းဆိုထားသည့် သဘောထားမျိုး ရှိနေသည်။

မူရင်းသတင်း — NP News