NP News

မကြာမီပြီးစီးမည့် အင်းဝစွယ်တော်စင်အတွက် ကုန်ကျစရိတ် သိန်း (၇,၀၀၀) ဝန်းကျင်ရှိ

စော (NP News) - နိုဝင်ဘာ ၂၂

တစ်နှစ်ခန့်ကြာ ဆောက်လုပ်ရသော အင်းဝစွယ်တော်စင်အတွက် ကုန်ကျစရိတ် သိန်း (၇၀၀၀) ဝန်းကျင်ရှိကြောင်း စွယ်တော်စင် ဖြစ်မြောက်ရေးဆောင်ရွက်ပေးနေသော ရှေးဟောင်းသုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ် (ရတနာပူရ)က NP News ကိုပြောသည်။

အဆိုပါ အင်းဝစွယ်တော်စင် ပြန်လည်တည်ဆောက်ခွင့်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်၊ ဇူလိုင်လအတွင်းက ခွင့်ပြုမိန့်ပေးခဲ့ရာ ဒီဇင်ဘာ (၂) ရက်မှစတင်၍ ရွှေပန္နက်၊ ငွေပန္နက်၊ မြပန္နက်၊ ပတ္တမြားပန္နက်ချ မင်္ဂလာတော်ပြုလုပ်ပြီးနောက် ပြန်လည်တည်ထား တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ပြန်လည်တည်ထား ဆောက်လုပ်နိုင်ရေးအတွက် ကုန်ကျစရိတ်အားလုံးကို အလှူရှင်မိသားစုတစ်စု တည်းကသာ ကုန်ကျခံပေးခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ထီးတော့ မတင်သေးဘူး။ မြန်မာမှုတွေ အပြီးအစီးကတော့ လာမည့် (၁၂)လပိုင်းဆိုအကုန်ပြီးပြီ။ မြန်မာမှုပန်းတွေ အကုန်လုံးပေါ့။ ထီးတစ်ခုကတော့မတင်သေးဘူး။ အခါနဲ့ရက်နဲ့ ရွေးပြီးမှ ထီးတင်မှာပေါ့။ အားလုံးပေါင်း မြန်မာမှုတွေရယ် အကုန်လုံးခန့်မှန်းခြေဆိုရင် သိန်း (၆၅၀၀)လောက် သိန်း(၇၀၀၀)ဝန်းကျင်လောက် ကုန်မှာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ အင်းဝစွယ်တော်စင် ပြန်လည်တည်ဆောက်ရာတွင် မြန်မာမှုဗိသုကာပညာရှင် ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်က ဒီဇိုင်းဆွဲကာ ကြီးကြပ်နေသည့်အပြင် ၎င်းကိုယ်တိုင်လည်း ကြီးကြပ်နေကြောင်း သိရသည်။
“ဒီစွယ်တော်စင်ကို မြန်မာမှုတွေပြန်တပ်တဲ့အခါမှာ ကြာတွေဆိုရင် မူလကြာအဟောင်းတွေ အချို့တစ်ဝက်ရှိသေး တယ်လေ။ အဲဒီကြာတွေကို သူကြာအတိုင်း မိုလ်ကူးပြီးတော့ မရှိတဲ့နေရာတွေ ပြန်ဖြည့်တယ်။ သရက်ကင်း လှေကားဆိုလည်း နဂိုပြိုကျနေတဲ့သရက်ကင်း လှေကားပန်းအတိုင်း ပြန်အသစ်လှီးတယ်။ ပြန်ထည့်တယ်။ စိန်ထောင်ဆိုရင်လည်း အကောင်းပတိ အတိုင်း ကျန်နေသေးတဲ့စိန်ထောင်တွေ လေး/ငါးခုရှိတယ်။ အဲဒီအကောင်းပတိအတိုင်း ကျန်နေသေးတဲ့စိန်ထောင်လေးငါးခုရဲ့ပုံစံအတိုင်း မိုလ်ကူးပြီးတော့ အပြည့်ပြန်လုပ် တယ်။ ကောက်နေတဲ့ စိန်ထောင်ကိုလည်း သူ့နေရာနဲ့သူ တပ်ရသလောက် ပြန်ထည့်တယ်ပေါ့။ အဲဒီလိုမျိုးအသုံးပြု ပြီးတော့ အဓိကကတော့ ရှေးမူလက်ရာအတိုင်းကို ကျွန်တော်တို့မြင်တွေ့ခံစားစေချင်လို့ ကျန်ရှိသမျှအထောက် အတိုင်း လုပ်တယ်ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြန်လည်တည်ထားနေသည့် အင်းဝစွယ်တော်စင်ကို နန်းဦးစေတီဟုသာ လူသိများခဲ့ပြီး အင်းဝမြို့ကို လေးကြိမ် မြောက်တည်ခဲ့သော ဘကြီးတော် စစ်ကိုင်းမင်းက မြန်မာသက္ကရာဇ် (၁၁၈၃) ခုနှစ်တွင် တည် ထားခဲ့ခြင်းဖြစ် သည်ဟု ပညာရှင်များက ခန့်မှန်းထားကာ အင်းဝ၊ အမရပူရနှင့် မန္တလေးမြို့တို့တွင် စွယ် တော်စင်(၁)ဆူစီသာ ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့ရှိ စွယ်တော်စင် တစ်ဆူသည်လည်း ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အတွက် ပြန်လည် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

မူရင်းသတင်း — NP News