
ထိုက်စံ (NP News) - နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ထွက်ရှိသော အရည်အသွေးကောင်းသည့် ကျွဲကောသီးများကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန်အတွက်သာမက ပြည်ပတင်ပို့နိုင်ရန် စိုက်ပျိုးမြေများလိုအပ်နေကြောင်း မော်လမြိုင်ရှိ ကျွဲကောသီး အရောင်းအဝယ်လုပ်ကိုင်ိသူတစ်ဦးမှ NP News သို့ပြောသည်။
ယခုအခါ မော်လမြိုင်ကျွဲကောများကို ရာသီပေါ်ချိန်တွင် ရန်ကုန်နှင့် မန္တလေး အပါအဝင် အခြားမြို့များ ပို့ဆောင်နေ ရခြင်းများရှိသော်လည်း ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
“ကျွဲကောက ဒီဇင်ဘာလလယ်လောက်မှစမှာ။ ကျွန်တော်တို့ အဓိက တင်ပို့တာ ရန်ကုန်၊ မန္တလေး၊ ပဲခူး ပြီးရင် ထားဝယ်၊ မြိတ် အဲဒီကို ပို့တယ်။ ပြည်ပက တိုက်ရိုက်မတင်ဘူး။ ကျွန်တော်တို့က ရန်ကုန်ဒိုင်ပို့တယ်။ မန္တလေး ဒိုင်ပို့တယ်။ အခု ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်တဲ့အနေအထားနဲ့ ထွက်ရှိတဲ့အနေအထားနဲ့ဆို ပြည်တွင်းမှာ တောင်မှ မလုံလောက်နိုင်ဘူး။ ပြည်ပမပို့နိုင်ဘူး အနေအထားက” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြည်တွင်း၌လိုအပ်ချက်အရ ကျွဲကောသီးရာသီပျက်ချိန်တွင် ထိုင်းနိုင်ငံမှ ကျွဲကောသီးများကို မှာယူရ ကြောင်း သိရသည်။
“ယိုးဒယားကဝင်တယ် ကျွဲကောသီးတွေက။ ဝင်တယ်ဆိုရင် ဒီအချိန်တော့ မဝင်သေးဘူး။ မဝင်သေးဘူးဆိုတာ သူတို့ကလည်း ဒီအချိန်ပြတ်တယ်ပေါ့။ သူတို့က (၂)လပိုင်းအကုန်ကနေစဝင်တယ်။ ယိုးဒယားသီးတွေက။ ပြည်တွင်းသီးတွေမရှိတော့မှ ယိုးဒယားသီးတွေကို အစားထိုးရောင်းတာ။ ဒီကအသီးလောက်တော့ အရည်အသွေး မကောင်းဘူး။ မကောင်းလို့ ကျွဲကောသီးလိုအပ်တဲ့သူတွေကို ဖြည့်ဆည်းပေးဖို့ပဲ မှာရောင်းတာ။ ဒလဟောကြီး မဟုတ်ဘူး။ မလိုအပ်ရင်မမှာဘူး” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ကျွဲကောသီးများကို ပြည်တွင်း၌ ဖူလုံစေရန်အတွက် အဓိကအားဖြင့် စိုက်ပျိုးမြေများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“ပြည်တွင်းဖူလုံအောင်စိုက်ပျိုးရမယ်ဆိုရင် အဓိကမြေပဲ။ ကျွန်တော်တို့က အထက်ကို တင်ပြထားတယ်။ ကျွဲကော က Export အရည်အသွေးလည်းမီတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ မြေခံ၊ရေခံအရသာလည်း ကောင်းတယ်။ နိုင်ငံခြား ကလည်း ကြိုက်တယ်ပေါ့နော်။ ပြည်ပကလည်း ကြိုက်တယ်။ မထုတ်ပေးနိုင်ဘူးဆိုတာက စိုက်ပျိုးဧရိယာကြောင့်။ အရင်က မော်လမြိုင်မြို့မှာ စိုက်ခဲ့(၁၀၀)ကျော်ကျော်ရှိတယ်။ အခုဆိုရင် စိုက်ဧကတစ်ဝက်လောက်ပဲ ကျန်တော့တဲ့ ထဲမှာမှ ဧကက နည်းသွားတယ်။ အဲဒါကြောင့် ကျွဲကောဇုန်ဧကလေးတစ်ခုကို ဧက(၅၀၀)၊ (၁၀၀၀)ပေါ့။ အဲဒါကို တောင်သူတွေကို တစ်ယောက် တစ်ယူနစ်(၅)ဧကလောက် အပိုင်မပေးနဲ့။ ကျွဲကောဇုန်တင်ပြထားတာ မပေးနိုင်ဘူး မြေကို။ သူတို့ပေးရင်တော့ ပေးလို့ရတာပေါ့။ အဓိကက စိုက်ဧကကြောင့် ဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
မော်လမြိုင်မှ ထွက်ရှိသော ကျွဲကောသီးများသည် အရည်သွေးကောင်းသည့်အတွက် စိုက်ပျိုးမြေတိုးချဲ့၍ စိုက်ပျိုး နိုင်ပါက နိုင်ငံတော်အတွက်ဝင်ငွေရရှိနိုင်သည့် သီးနှံဖြစ်ကြောင်း ၎င်းကပြောသည်။
“စိုက်ပျိုးတဲ့သူတွေကို နည်းပညာအပြည့်အစုံရှိတယ်။ စိုက်ဧကမရှိလို့သာ သူတို့လည်း မစိုက်ရတာ။ ပြီးရင် အလုသမားတွေလည်း အလုပ်ရမှာပေါ့။ အလုပ်ရမယ်။ နည်းပညာတွေ ထွန်းကားလာမယ်။ သီးနှံနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ လုပ်လာနိုင်မယ်။ ဒါမှလည်း နိုင်ငံတော်အတွက် အထောက်အကူဖြစ်မှာပေါ့။ နိုင်ငံလည်း ဖူလုံမယ်။ ကျွန်တော်တို့ကလည်းတွက်တာပေါ့။ နိုင်ငံခြားငွေလည်းရမှာလေ။ ဒီပစ္စည်းက အများလက်ခံနိုင်တဲ့ အသီးမျိုးဖြစ်တယ်။ အသီးမျိုးတောင်မှ ကြည့်မယ်ဆိုရင် ဒီမော်လမြိုင်က မွန်၊ကရင်ပေါ့။ မွန်၊ကရင်က အဓိက ကျွဲကောစိုက်တာများတယ်လေ။ သူတို့က ပံ့ပိုးပေးမှ ရမယ်။ ကျွန်တော်တို့ အမြင်ကို ပြောပြတာပေါ့”ဟု ၎င်းကပြောသည်။
ကျွဲကောစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးမြေရရှိရန်အတွက် တင်ပြခဲ့ခြင်းများလည်းရှိပြီး ရရှိရန် မျှော်လင့်နေ ကြောင်း ၎င်းကဆိုသည်။
“ကျွဲကောဇုန်လို့ သတ်မှတ်ပြီးရင် ကျွဲကောကို (၅)ဧကပေါ်အပင်ဘယ်လောက်စိုက်ရမယ်ဆိုတာ သူတို့သတ်မှတ် နှုန်း နဲ့ အပင်စိုက်ရင် စိုက်မယ့်သူတွေရှိပါတယ်။ တောင်သူတွေကလည်းတင်ပြတာအများကြီး။ မဖြည့်ဆည်းပေး နိုင်တော့ ဘာမှလုပ်လို့မရဘူး။ ကျွဲကောစိုက်တောင်သူတွေလည်း ရဖို့ မျှော်လင့်တာပေါ့။ နိုင်ငံတော်ရဲ့ဝင်ငွေ တစ်ခုလျော့တာပေါ့။ သီးနှံမှာဆိုရင် ဝင်ငွေကောင်းတဲ့ သီးနှံပဲ”ဟု ၎င်းက ပြောသည်။
လာမည့်ဒီဇင်ဘာလလယ်တွင် မော်လမြိုင်မှ ကျွဲကောသီးများ စတင်ထွက်ရှိမည်ဖြစ်ရာ မော်လမြိုင်ကျွဲကောသည် ပြီးခဲ့သည့်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း သိရသည်။
“ကျွဲကကောက တစ်နှစ်ပတ်လုံးသီးတယ်။ တစ်နှစ်မှာ နှစ်လပဲနားတာ။ အခုနိုဝင်ဘာဆိုအသီးက ပျက်နေတာပေါ့။ ဒီဇင်ဘာလယ်လောက်ပြန်ထွက်ပြီ။ မော်လမြိုင်ကျွဲကောက ဈေးပိုကောင်းလာတယ်။ မနှစ်ကနဲ့တောင်မတူဘူး။ ကျွဲကောသီးရဲ့ ဆိုင်ချဈေးက ကျပ်(၃၀၀၀)၊(၃၅၀၀)။ ဒီနှစ်က(၅၀၀၀)၊(၆၀၀၀)ကျတယ်။ ဈေးကကောင်းတယ်။ ကျွဲကောသီးက လိုအပ်တဲ့သူများတယ်”ဟု ၎င်းက ပြောသည်။
ကျွဲကောပင်အား စိုက်ပျိုးချိန်မှစ၍ (၅)နှစ်အကြာတွင် အသီးများဖြစ်ထွန်းလာပြီး တစ်နှစ်အတွင်း နှစ်သီးသီး ကြောင်း သိရသည်။
“ကျွဲကောပင်ကို မိုးဦးကျချိန် ဇူလိုင်လမှာ စစိုက်ရတာပေါ့။ သက်တမ်း(၅)နှစ်ကြာရင် စခူးလို့ရပြီး။ သူတစ်နှစ်မှာ နှစ်သီးသီးတာ ပေါ့။ (၆)လတစ်ခါ အသီးရိရင်ခူးတာပေါ့။ တစ်နှစ်ပတ်လုံးသီးတဲ့ အသီးပေါ့”ဟု ၎င်းကပြောသည်။
