Myanmar National Post

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်



မုံရွာ ၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ ဖွင့်ပွဲအခမ်းအနား ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အလုံ) မှ ဘင်ခရာ/ပန်းပွားအဖွဲ့၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် MSME လုပ်ငန်းများသည် အဓိကကျောရိုးတစ်ရပ်အနေဖြင့် ရပ်တည်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့်ဒေသထွက်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား ပြည်သူများ တခဲနက်အားပေးဝယ်ယူကြခြင်းအားဖြင့် ဒေသတွင်းစီးပွားရေး အသက်ဝင်လှုပ်ရှားလာမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်နိုင်ရေး အခွင့်အလမ်းကောင်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသခံလုပ်ငန်းရှင်များ၏ ထုတ်ကုန်အရည်အသွေး မြင့်မားလာစေရန်နှင့် ဈေးကွက်ခိုင်မာမှုရှိစေရန်အတွက် ဘက်ပေါင်းစုံမှ ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်တိုင်ပွဲတော်သည် ရိုးရာအစဉ်အလာများနှင့်အညီ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ လွန်စွာထင်ရှားရာ ပွဲတော်ကြီးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာလူမျိုးတို့၏ ပင်ကိုတီထွင်ဖန်တီးနိုင်စွမ်း၊ စုပေါင်းလုပ်ကိုင်တတ်သည့် အလေ့အထနှင့် ပျော်ရွှင်ချစ်ကြည်မှုကို ဖော်ညွှန်းနေသည့် မီးပုံးပျံလွှတ်တင်ပွဲများနှင့် မီးထွန်းပွဲတော်များကို နိုင်ငံအနှံ့ကျင်းပမြဲဖြစ်သကဲ့သို့ မိမိတို့တိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်းမှာလည်း ဒေသခံပြည်သူများ စိတ်လက်အေးချမ်းစွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဆက်စပ်ကော်မတီဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့မှ တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေး ရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှ မုံရွာမြို့ MSMEs လုပ်ငန်းများမှထွက်ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်နှင့် လယ်ယာသုံးထွန်စက်များ၊ စက်ပစ္စည်းများ၊ အဝတ်အထည်များ ရောင်းချနေမှုများအား လိုက်လံကြည်ရှုခဲ့ကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။အဆိုပါတန်ဆောင်တိုင် MSMEs ထုတ်ကုန်ဈေးရောင်းပွဲတော်အား နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ MSMEs ဈေးဆိုင်ခန်းပေါင်း- ၁၂၅ ခန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ခြင်းအား တန်ဆောင်တိုင်လပြည့်နေ့ညတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post