Myanmar Transparency News

၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

MT News
၂၂. ၁၁. ၂၀၂၆

၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး ၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ နှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မီးပုံးပျံလွှတ်တင်ရေးပြိုင်ပွဲဝင်အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်း ရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များ၊ အနုပညာရှင်များက မြန်မာ့ရိုးရာ မီးပုံးငယ်များကို ကိုင်ဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထိုသို့ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်တည်း မီးပုံးပျံငယ်များကို အခမ်းအနား တက်ရောက်လာကြသူများက လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့်မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းတို့ ဆောင်ရွက်ကြရာ နိုင်ငံတော်သမ္မတနှင့်ဇနီး အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက် ကြရာ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ ညမီးကြီးမီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများအား ပြိုင်ပွဲဝင် အသင်းများအလိုက် အသီးသီးလွှတ်တင်ပူဇော်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြပြီး လာရောက်အားပေးကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုကဲ့သို့ မီးပုံးပျံများလွှတ်တင်ရန် ပြင်ဆင်မှုများဆောင်ရွက်နေချိန်တွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များကလည်း ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအားဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်း ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ ဆီမီးများကို အတူတကွထွန်းညှိပူဇော်ကြသည်။

ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများအား ခင်မင်ရင်းနှီး စွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နှစ်စဉ်စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုကျင်းပပြုလုပ်သည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီး ရင်ပြင် တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိ ကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ ကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံကျော်အနုပညာ ရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News