MyTech Myanmar

ကြည့်ရှုသူ ၂၈ ဦးသာ ရှိတဲ့ ဂိမ်းစထရီမာ တစ်နှစ် ဒေါ်လာ တစ်သိန်းကျော် ရမယ့် GTA 6 အလုပ် ရရှိ

Grand Theft Auto VI (GTA 6) ဂိမ်း ကစားရင်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကျော်   ရရှိမယ့် အလုပ်အတွက် လျှောက်ထားသူ ၃၅,၀၀၀ ကျော် ရှိခဲ့ရာမှာ အမေရိကန်အခြေစိုက် ခန့်မှန်းဈေးကွက် ကုမ္ပဏီ Kalshi Inc က အသက် ၃၆ နှစ်အရွယ် ဂိမ်းစထရီမာ ကလစ်ဖ် ဆားဗေ့ချ် (Cliff Savage) ကို ရွေးချယ်လိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က ဆားဗေ့ချ်ဟာ နာမည်ကြီး ဂိမ်းကစားသူ မဟုတ်ဘဲ အလုပ်ရကြောင်း ဖုန်းဆက်အကြောင်းကြားချိန်မှာ သူ့ရဲ့ Twitch   တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ ၂၈ ဦးသာ ရှိခဲ့ပါတယ်။

 

ကုမ္ပဏီရဲ့ ပထမဆုံး GTA VI သုတေသီအဖြစ် ခန့်အပ်ခံရတဲ့ ဆားဗေ့ချ်ဟာ ဂိမ်းစတင်ဖြန့်ချိတဲ့နေ့ကစပြီး ဂိမ်းကစားတာကို တိုက်ရိုက်ထုတ်လွှင့်ပေးရမှာ ဖြစ်သလို အဓိကဇာတ်လမ်းကို ပြီးဆုံးအောင် ကစားပြီး ဂိမ်းတွင်း လုပ်ဆောင်ချက်တွေနဲ့ စီးပွားရေးစနစ်တွေကို လေ့လာသုံးသပ်တဲ့ အစီရင်ခံစာတွေ ပုံမှန်တင်ပြရမှာ ဖြစ်ပါတယ်။ သူဟာ ဂိမ်းစတင်ထွက်ရှိတဲ့နေ့မှာ ၇ နာရီကြာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူ ၂,၀၀၀ ဝန်းကျင်အထိ ရှိလာခဲ့သလို သူ့ရဲ့ အင်စတာဂရမ် နောက်လိုက်အရေအတွက်လည်း ၂၁,၀၀၀ နီးပါးအထိ တိုးလာခဲ့ပါတယ်။

 

Kalshi ကုမ္ပဏီဟာ GTA VI နဲ့ ဆက်စပ်တဲ့ ခန့်မှန်းဈေးကွက်တွေမှာ ဒေါ်လာ သန်း ၃၀ ကျော်အထိ လောင်းကြေးထပ်မှုတွေ ရှိနေတာကြောင့် ဂိမ်းအပေါ် ဘက်လိုက်မှုမရှိဘဲ နားလည်သုံးသပ်နိုင်မယ့်သူကို လိုချင်တဲ့အတွက် နာမည်ကြီး စထရီမာတွေထက် ဆားဗေ့ချ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ၆၈၅ ရက်ဆက်တိုက် နေ့စဉ် ဂိမ်းတိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဆားဗေ့ချ်ကတော့ သူဟာ ခန့်မှန်းဈေးကွက်တွေအကြောင်း သိပ်မသိပေမယ့် အဲဒီအခွင့်အရေးက သူ့ရဲ့ ဝါသနာကို ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ပြီလို့ ဆိုပါတယ်။

 

Ref : ndtv

မူရင်းသတင်း — MyTech Myanmar