
စော (NP News) - နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါရုံး ယင်းရုံး၏ တည်ဆောက်မည့် မြေနေရာ၊ လှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်းတည်ဆောက်မည့် မြေနေရာနှင့် ဘုရားကြီးဆက်သွယ်ရေးစခန်းတည်ဆောက်နေမှုကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယမန်နေ့(နိုဝင်ဘာ ၂၂ ရက်)က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာရုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ထို့နောက် လှိုင်းနှုန်းစဉ် တိုင်းတာရေးစခန်းအတွက် ရုံး၊ စက်မှုအဆောက်အအုံနှင့် တာဝါတိုင်များ တည်ဆောက်မည့် လျာထားချက်များကို လုပ်ငန်းသဘာဝနှင့်ကိုက်ညီမည့်ဒီဇိုင်း ရေးဆွဲတည်ဆောက်ရန် နှင့် လျှပ်စစ်မီးနှင့် ရေရရှိရေးတို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ပဲခူးမြို့တွင်း ရှုပ်ထွေးနေသော ကေဘယ်လ်ကြိုးများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းရှင်းလင်းဆောင်ရွက်သွားကြရန်၊ အဝေးဆက်သွယ်မှုဆက်ကြောင်းများ မပြတ်တောက်စေရေး အထူးအလေးထားဆောင်ရွက်သွားရန် နှင့် ဆက်သွယ်ရေးဆက်ကြောင်းများ အစဉ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် အရန်ဆက်ကြောင်းများကို ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။