
Pika (NP News) - နိုဝင်ဘာ ၂၃
ပြီးခဲ့တဲ့သီတင်းပတ်ကလုပ်ခဲ့တဲ့ တောင်ကိုရီးယားရဲ့အဓိကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေမတိုင်ခင် ပေါ်ပေါက်လာခဲ့တဲ့ AI နည်းပညာအသုံးပြု မသမာမှုအရှုပ်တော်ပုံတစ်ခုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားပညာရေးဝန်ကြီးဟာ နိုဝင်ဘာလ(၂၂)ရက်မှာ ရာထူးကနေနှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
Suneung လို့ခေါ်တဲ့ အရေးပါတဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲမကျင်းပခင် အချိန်(၄)ရက်အလိုမှာ တောင်ကိုရီးယားနိုင်ငံလုံးဆိုင်ရာအခွန်စာရင်းကိုင်စာမေးပွဲမှာ အမှတ်အများဆုံးရရှိခဲ့တဲ့လူတစ်ဦးက အသေးစားကင်မရာနဲ့စမတ်ဖုန်းတို့ကိုအသုံးပြုပြီး အမှတ်ပြည့်နီးပါးရယူခဲ့တာကို ဝန်ခံလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းမှာ AI နည်းပညာသုံးပြီး စာမေးပွဲမသမာမှုလုပ်မှာကို စိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ တစ်နှစ်မှာတစ်ကြိမ်ကျင်းပလေ့ရှိပြီး အချိန်(၉)နာရီကြာမြင့်တဲ့ ဒီစာမေးပွဲကြီးဟာ တက္ကသိုလ်တွေကိုဝင်ရောက်ခွင့်၊ လစာကောင်းမွန်တဲ့အလုပ်အကိုင်တွေရရှိရေး နဲ့ အိမ်ထောင်ရေးကောင်းကောင်းမွန်မွန် ရွေးချယ်ခွင့်ရရှိနိုင်ရေးတို့အတွက် အဓိကသော့ချက်တစ်ခုအဖြစ် ရှုမြင်ခံထားရတာလည်းဖြစ်ပါတယ်။
အဲဒီလိုမျိုးဝန်ခံလိုက်မှုကြောင့် တာဝန်ရှိသူတွေက စာမေးပွဲဖြေဆိုရာနေရာတွေမှာ ဝိုင်ဖိုင်တွေကိုပိတ်ပစ်တာ၊အဝတ်အစားရဲ့ကြယ်သီးတွေပေါ်မှာစတစ်ကာကပ်စေတာလိုမျိုး အစရှိတဲ့ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်အများအပြားကို ချက်ချင်းစီစဉ်ဆောင်ရွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပညာရေးဝန်ကြီး Choi Kyo-jinအနေနဲ့ ပြည်သူလူထုကို စိတ်အေးအောင်မိန့်ခွန်းပြောကြားရာမှာ အခက်အခဲတွေရှိခဲ့ပြီး ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။
Choi Kyo-jin က "အခုစာမေးပွဲလည်းပြီးသွားပြီဖြစ်တဲ့အတွက် ဖြစ်ခဲ့သမျှအားလုံးကို အပြည့်အဝတာဝန်ယူတဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်လိုက်ပြီဆိုတာကို ကျွန်တော်အသိပေးလိုပါတယ်” လို့ ပြောခဲ့ပါတယ်။
