
ရန်ကုန်၊ နိုဝင်ဘာ ၂၂
ဆရာအတတ်ပညာကဏ္ဍတွင် အနာဂတ်မျိုးဆက်သစ်များကို ပုံဖော်ပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ယမန်နေ့က ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ စီမံ၊ ဘဏ္ဍာအရာထမ်းများနှင့် တွေ့ဆုံမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တက္ကသိုလ်များ (လှိုင်နယ်မြေ) ရှိ စာသင်ဆောင်များ၊ စာသင်ခန်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ ကျောင်းဖွင့်အမီ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ်များ (လှိုင်နယ်မြေ) ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၊ အပန်းဖြေရိပ်သာ (Recreation Centre)၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ မိုးလုံလေလုံအားကစားရုံ၊ လေးခန်းတွဲလေးထပ် အရာထမ်းအိမ်ရာတည်ဆောက်နေမှု၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ ညနေပိုင်းကလည်း ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ၂ဝ၂၆ ခုနှစ် ရန်ကုန်ဇုန်ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဆုရအသင်းများနှင့် နေရာအလိုက် အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmar #News