NP News

ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အတွက် ကျေးရွာအဆင့်သင်တန်းများ ကနဦး အကောင်အထည်ဖော်ဆောင်ရွက်နေ

စော (NP News) - နိုဝင်ဘာ ၂၃

နေပြည်တော်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ (၄၀)ကျော်တွင် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အတွက် ကျေးရွာအဆင့်သင်တန်းများ ကနဦး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သင်တန်းများသည် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ပူးပေါင်း၍ သက်ဆိုင်ရာကျေးရွာများ၌ ရွေးချယ်ထားသော ဆယ်အိမ်စုစေတနာ့ဝန်ထမ်းများအား ဗဟိုအဆင့်သင်တန်းဆင်းနည်းပြများက ထပ်ဆင့်ပို့ချလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ (၄၆) ရွာတွင် ကနဦး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမျိုးသမီးရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်ရှိ “ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်” အကောင်အထည်ဖော် ဆောင်ရွက်မည့်စီမံကိန်းပါကျေးရွာများတွင် ဆယ်အိမ်စုစေတနာ့ ဝန်ထမ်းများ ကျေးရွာအဆင့် ဆင့်ပွားသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နေသည့် အုန်းတောဘုန်းတော်ကြီးကျောင်း ၊ ပေါက်တော စံပြကျေးရွာ၊ ဒက္ခိဏသီရိမြို့နယ်နှင့် ထိန်ပင်ဘုန်းတော်ကြီးကျောင်း၊ ထိန်ပင်ကျေးရွာ၊ ဇေယျာသီရိမြို့နယ်တို့သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ကြည့်ရှုစဉ် ကျေးလက်ဒေသနေ အမျိုးသမီးများအားလုံး၏ ဘဝဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံ တော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမျိုး သမီးများ ကျား၊ မ အခြေပြု အကြမ်းဖက် မှုမှ ကင်းဝေးစေရေးအတွက် “ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်” အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် စီမံချက်တွင် ကဏ္ဍကြီး (၆) ရပ် ပါ လိုက်နာ ဆောင်ရွက်ရမည့် အမူအကျင့်များကို မိမိတို့ဆယ်အိမ်စု အတွင်းရှိ မိသားစုဝင်များအား လက်ဆင့်ကမ်းဝေမျှရမည် ဖြစ်ပြီး “ကျန်း မာရေးအစ အိမ်တွင်းက” ဆိုသည်ကို ကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင်များက လက်ခံကျင့်သုံးနိုင်ရေးနှင့် အမူအကျင့်ပြောင်းလဲနိုင်ရေးတို့အတွက် အသိပညာပေးရန် အလွန်အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းအနေဖြင့်လည်း တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ပြီး မိသားစုဝင်ငွေရရှိရေးဆောင်ရွက်နေကြသဖြင့် ဆက်လက်ပြီး ဝင်ငွေတိုးတက်စေရေးအတွက် အားပေးကူညီရမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းဆယ်အိမ်စုများ အနေဖြင့်လည်း စီမံချက် ဆောင်ရွက်သော ကျေးရွာတွင် စာကြည့်တိုက်များ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်သွားရမည်ဖြစ်၍ ယင်း သင်တန်း မှ ရရှိသော အသိပညာ များအား မိမိတို့ဆယ်အိမ်စုအတွင်း စည်းရုံးဟောပြောခြင်းဖြင့် အမူအကျင့်ကောင်းများ ရရှိ သွား မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News