
Pika (NP News) - နိုဝင်ဘာ ၂၃
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ အဆိပ်သင့်နေတယ်လို့ယူဆရတဲ့ချက်အရက်ကိုသောက်သုံးမိတာကြောင့် အနည်းဆုံးလူ(၁၁)ဦးသေဆုံးပြီး အခြားလူ(၁၈၀)ကျော် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
အဆိပ်သင့်နေတယ်လို့ယူဆရတဲ့ ချက်အရက်ကိုသောက်သုံးပြီးနောက် လူအများအပြားက ဖျားနာလာခဲ့တာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ယမ်နမ်ခန်ချန့်ဆင်းက ပြောကြားခဲ့ပါတယ်။
၎င်းက "လက်ရှိအချိန်အထိတော့ လူနာ(၁၈၀)ဦးကျော်ကို ဆေးရုံနှစ်ရုံမှာ တင်ထားရပါတယ်။ ပြီးခဲ့တဲ့အချိန်(၄၈)နာရီအတွင်း သေဆုံးခဲ့တဲ့လူအရေအတွက်က (၁၁)ဦးအထိရှိလာပြီလည်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ညွှန်ကြားထားပြီး တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ တရားမဝင် ဒါမှမဟုတ် အဆိပ်အတောက်တွေရောစပ်နေတဲ့ အရက်တွေကြောင့် လူသေဆုံးမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတာလည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ တရားဝင်စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားတာမျိုးမရှိဘဲ ရောင်းချနေတဲ့ ဈေးပေါတဲ့အရက်တွေမှာ စက်မှုလုပ်ငန်းသုံးအဆိပ်ပြင်းဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ မီသနောပါဝင်နေတတ်တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း မဟာရရှ်ထရာပြည်နယ်၊ပူနေးမြို့နဲ့ ပင်ပရီ-ချင်ချဝါဒ်မြို့တို့မှာ မီသနောရောစပ်ထားတဲ့ တရားမဝင်အရက်ကို သောက်သုံးမိတာကြောင့် အနည်းဆုံး လူ(၁၅)ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။