
အင်ဒိုနီးရှားနိုင်ငံ ၊ ဘန်တန်ပြည်နယ်ရှိ မုန့်ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် နိုဝင်ဘာ ၂၁ ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ရှိသေဆုံးသူ ၂၄ ဦး ရှိနေပြီဖြစ်ပြီး လူ ၃၀ ခန့် ပျောက်ဆုံးနေဆဲဟု အင်ဒိုနီးရှားအာဏာပိုင်များက နိုဝင်ဘာ ၂၃ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
စက်ရုံဝင်းအတွင်းရှိ အဆောက်အအုံတစ်ခုတွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့်အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်။ ကနဦးစစ်ဆေးချက်များအရ လေအေးပေးစက် လျှပ်စစ်ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ပုံရှိကြောင်း အာဏာပိုင်တစ်ဦးက ပြောသည်။
ယင်းစက်ရုံသည် United Family Food ကုမ္ပဏီပိုင်ဖြစ်ပြီး ကုမ္ပဏီတစ်ခုလုံးတွင် ဝန်ထမ်း ၅,၀၀၀ ခန့်ရှိသည်။ ပြည်တွင်းစားသုံးသူ ဈေးကွက်အတွက် ကုန်ပစ္စည်းများ အဓိကထုတ်လုပ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီဖြစ်ကာ ပြည်ပရုံးခွဲ ၄ ခု ဖွင့်လှစ်ထားသည်။
မီးလောင်သည့်နေ့က အလုပ်ချိန်အတွင်း စက်ရုံဝင်းထဲ၌ လူ ၃၀၀ ခန့် ရှိနေခဲ့ကြောင်း စက်ရုံအမှုဆောင် အရာရှိချုပ်ဆိုသူက ပြောသည်။ ကယ်ဆယ်ရေးအဖွဲ့များက နိုဝင်ဘာ ၂၃ ရက်နေ့အထိ ပျောက်နေသူများကို ဆက်လက်ရှာဖွေနေကြသည်။ သို့သော် အဆောက်အအုံက ပိုမိုမတည်မငြိမ်ဖြစ်လာသဖြင့် ကယ်ဆယ်ရေး သမားများအတွက်လည်း အန္တရာယ်ရှိနေသည်ဟု သိရသည်။
Ref: Reuters