
စိမ့်စမ်းရေ၊ သားပု (NP News) - နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာ့ရိုးရာပုသိမ်ထီးနှင့် သဘာဝလက်မှုအနုပညာပွဲတော်ကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးဇော်မင်းဦးက NP News သို့ပြောသည်။
မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် ပုသိမ်ထီးလုပ်ငန်းနှင့် ဒေသတွင်းရှိ သဘာဝလက်မှုအနုပညာများကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ပုသိမ်မြို့ကို ခရီးသွားလည်ပတ်ရာ မြို့တစ်မြို့အဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ မြန်မာ့ရိုးရာပုသိမ်ထီးနှင့် သဘာဝလက်မှုအနုပညာပွဲတော်ကို နှစ်စဉ်ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါပွဲတော်ကို လာမည့် ဒီဇင်ဘာ (၂၄) ရက်မှ (၃၁) ရက်အထိ (၈) ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပုသိမ်မြို့ရှိ ကန်သုံးဆင့်ဥယျာဉ်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
“ကံသုံးဆင့်ဥယျာဉ်ကြီးကို လိုက်ဖက်ညီတဲ့ရိုးရာအမွေအနှစ် ပုသိမ်ထီးလက်မှုအနုပညာပွဲတော်ကြီးနဲ့ ဆက်စပ်ပြီးတော့ အင်မတန် တွဲဖက်ညီတဲ့ ဟာတစ်ခုအဖြစ် ကျွန်တော်တို့ ဖော်ဆောင်ပြီးတော့ ဒီထဲမှာ ပွဲတော် ကျင်းပလိုက်ခြင်းအားဖြင့် ဒီသဘာဝအလှအပတွေ ကျွန်တော်တို့ ဧရာဝတီတိုင်းရဲ့ အလှအပတွေ ချပြလိုက်ရင် ဘာပဲပြောပြော နိုင်ငံတကာ ပြည်တွင်းပြည်ပ ဧည့်သည်ပေါ့နော် ခရီးသွားဧည့်သည်တွေက ဒါကြည့်ပြီးတော့ ဒီဧရာဝတီတိုင်းရဲ့လည်ပတ်စရာ နေရာတစ်ခုအဖြစ် ဧရာဝတီတိုင်းမှာ လေ့လာစရာတစ်ခုအဖြစ် ဒါမြင်မယ်။ ဒီထဲမှာ သဘာဝအတိုင်း အလှအပလေးတွေနဲ့ ရိုက်ကူးလို့ရမယ်။ ဓာတ်ပုံတွေဘာတွေ ရိုက်လို့ရမယ်။ အပန်းဖြေလို့ရမယ်။ ဒီဥယျာဉ် သဘာဝအတိုင်းဖြစ်နေတဲ့ ဒီဥယျာဉ်ထဲမှာလည်း ကန်သုံးဆင့်ထဲမှာလည်း အဲဒီလို အစီအစဉ်နဲ့ ခရီးသွားမြို့တော်တစ်ခုအဖြစ် မြှင့်တင်ချင်တဲ့ ရည်ရွယ်ချက်ပေါ့။ ဒါတွေနဲ့ ဒီပွဲတော်ကို ကျင်းပရတဲ့ အကြောင်းရင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ပုသိမ်ထီးသည် ပုသိမ်မြို့ကို ကိုယ်စားပြုသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပြီး မျိုးဆက်တစ်ခုနှင့် တစ်ခုကြား မပျောက်ပျက်စေရန်နှင့် ထိန်းသိမ်းဖော်ထုတ်ရန် လိုအပ်သည့်အတွက် ပွဲတော်ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ပုသိမ်ဆိုရင်လည်း ဘာပဲပြောပြော ပြယုဂ်တစ်ခုရှိနေတာ ပုသိမ်ထီးဆိုတဲ့ ဟာကြီး ရှိနေတယ်။ နောက်ပြီးတော့ ရိုးရာအမွေအနှစ်တစ်ခုလည်း ဖြစ်နေတယ်ဆိုတော့ ပုသိမ်ထီးကို မြန်မာ့ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တယ်။ ပြန်ပြီးတော့ မြှင့်တင်တဲ့ သဘောမျိုးနဲ့ နှစ်စဉ်နှစ်တိုင်း ပုသိမ်ထီးပွဲတော်ဆိုတာ ကျင်းပသင့်တယ် ဆိုပြီးတော့ စိတ်ထဲမှာ တွေးလိုက်တာပေါ့” ဟု ၎င်းက ပြောသည်။
ပွဲတော်ကျင်းပခြင်းကြောင့် ပုသိမ်မြို့ကို ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ သွားရောက်သည့် ခရီးသွားများ ဝင်ရောက်လည်ပတ်အနားယူနိုင်သည့် မြို့တစ်မြို့ဖြစ်လာစေရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။
“ဒီလိုလုပ်ခြင်းအားဖြင့် ပုသိမ်က ခရီးသွားမြို့တော်တစ်ခုအဖြစ် ကျွန်တော်တို့က ဆက်လက်ပြီးတော့ ဖော်ဆောင်ချင်တယ်။ ပုသိမ်မြို့သည် ဧရာဝတီတိုင်းသည် ခရီးသွားမြို့တော်တစ်ခုဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါပွဲတော်ကို နှစ်စဉ်ကျင်းပနိုင်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် ချောင်းသာ၊ ငွေဆောင်ခရီးစဉ်များနှင့်အတူ ပုသိမ်မြို့တွင် တစ်ညတာတည်းခိုလည်ပတ်နိုင်မည့် ခရီးစဉ်များကိုပါ ထည့်သွင်းစီစဉ်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
“ဒီပွဲကလည်း နှစ်တိုင်း မြန်မာ့ရိုးရာပုသိမ်ထီးနဲ့ သဘာဝလက်မှုအနုပညာပွဲတော်ဆိုတာ ဒီအချိန် ဒီအချိန်ဆိုရင် နှစ်တိုင်း ဖြစ်သင့်တယ်။ အဲဒီအချိန်ရောက်ရင် ပြည်တွင်းပြည်ပခရီးသွား Package တွေ၊ ခရီးသွားကုမ္ပဏီတွေက ခရီးသွား Package တွေဆွဲတဲ့အခါကျရင် ချောင်းသာ၊ ငွေဆောင်ကဆွဲရင် ဘာပဲပြောပြော ပုသိမ်တစ်ညတော့ ထည့်ဆွဲရမယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပွဲတော်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဦးဆောင်စီစဉ်တာကတော့ စည်ပင်သာယာရေးဝန်ကြီးဌာနပေါ့။ အဓိကတော့ စည်ပင်သာယာဝန်ကြီးက ဦးဆောင်တာပေါ့။ လုံခြုံရေးကတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကုန်လုံးကတော့ ပူးပေါင်းဖို့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။
ပွဲတော်အတွက် ကုန်ကျစရိတ်များကို အလှူငွေ၊ စပွန်ဆာ၊ ဝင်ကြေးလက်မှတ်ရောင်းချရငွေနှင့် ဆိုင်ခန်းငှားရမ်းခများမှ ရရှိသည့်ငွေများဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် ပထမနှစ်ကတော့ အလှူငွေနဲ့ ကျွန်တော်တို့ သွားမယ်။ လက်မှတ်ရောင်းမယ်ပေါ့ဗျာ။ လက်မှတ်ရောင်းမယ်ဆိုတာ ဒီဝင်ခွင့် ဝင်တဲ့ ဝင်ကြေးလက်မှတ်ပေါ့။ ဆိုင်ခန်းငှားခပေါ့။ ဆိုင်ခန်းငှားခကတော့ လက်ရှိ (၈) သိန်းနဲ့ ကျွန်တော်တို့ သတ်မှတ်တယ် (၈) ရက်စာကို။ အဲဒီ ဆိုင်ခန်းငှားခလေးရယ်၊ လက်မှတ်ရောင်းတဲ့ဟာရယ်၊ အလှူငွေ၊ စပွန်ဆာငွေရယ်၊ ပွဲဈေးကန်ထရိုက် တွေဘာတွေပေါ့နော် ဒါလေးတွေကရတဲ့ငွေလေးတွေနဲ့ အဲဒါလေးတွေနဲ့ ကျွန်တော်တို့ လည်ပတ်တာ ဘတ်ဂျက်ကတော့” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပွဲတော်တွင် ဒေသတွင်းထုတ်ကုန်များ၊ လက်မှုပစ္စည်းများ၊ MSME ထုတ်ကုန်များနှင့် ဒေသထွက်စားသောက်ကုန်များကို ပြသရောင်းချနိုင်ရန် ပြခန်း (၃၀) မှ (၅၀) ခန့်အထိ ထည့်သွင်းစီစဉ်ထားပြီး နာမည်ကြီးအနုပညာရှင်များ ပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဖွင့်ပွဲနှင့် နှစ်သစ်ကူး Countdown အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
