NP News

​မြန်မာမြေရှားသတ္တုတူးဖော်မှုမှာ သုံးတဲ့ဓာတုပစ္စည်းတွေတင်ပို့မှုကို ထိုင်းနိုင်ငံက ပိတ်ပင်ဖို့ စီစဉ်နေ

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲမှာ အာဆင်းနစ်ဓာတ် (Arsenic) ပါဝင်မှုနှုန်း မြင့်တက်လာတာကိုတွေ့ရှိခဲ့ပြီးနောက်၊ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးမှာ အသုံးပြုတဲ့ဓာတုပစ္စည်းတွေကို တင်ပို့မှုနဲ့ဖြတ်သန်းတင်ပို့မှုတွေပိတ်ပင်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ လေထုနဲ့ ရေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းဟာ တရုတ်နဲ့ မြန်မာနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၂၄) ရက်မှာ ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံစလုံးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး၊ အဲဒီနောက် နိုဝင်ဘာလ (၂၅) ရက်ကနေ (၂၆) ရက်နေ့အထိ ထိုင်း-မြန်မာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပသွားမယ်လို့ ဒုတိယဝန်ကြီးချုပ် ယော့ဒ်ချန်နန် ဝေါင်ဆာဝပ်က နိုဝင်ဘာ (၂၁) ရက်က ဘန်ကောက်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က နယ်စပ်ဖြတ်ကျော် စီးဆင်းနေတဲ့ ကော့မြစ် (Kok River) နဲ့ ဆိုင်းမြစ် (Sai River) တွေထဲမှာ သတ္တုတူးဖော်မှုကြောင့်လို့ ယူဆရတဲ့ ညစ်ညမ်းမှုတွေ ဖြစ်ပွားနေတဲ့အပေါ် မြန်မာဘက်က အရေးတကြီး အရေးယူဆောင်ရွက်ဖို့ တောင်းဆိုသွားမယ်လို့ပြောခဲ့ပါတယ်။
အဲဒီမြစ်တွေထဲမှာ အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းဟာ ထိုင်းစံနှုန်းထက် အဆ (၃၀) အထိ မြင့်တက်လာခဲ့တာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ စိုက်ပျိုးမြေတွေကို ခြိမ်းခြောက်နေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဘန်ကောက်မြို့ရှိ ဆူအန်ဒူဆစ်တက္ကသိုလ် (Suan Dusit University) ရဲ့ နိုဝင်ဘာလ (၂၂) ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဖြေဆိုသူ (၈၉ ဒသမ ၂) ရာခိုင်နှုန်းဟာ မြစ်ရေညစ်ညမ်းမှုအပေါ် စိုးရိမ်ပူပန်နေကြပြီး၊ (၈၅ ဒသမ ၉) ရာခိုင်နှုန်းကတော့ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် အစိုးရရဲ့စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု အလွန်နည်းပါးနေတာ (သို့မဟုတ်) လုံးဝမရှိတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းသဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတဝန်ကြီး ဆူချတ်ချွန်ကလင်က ရေညစ်ညမ်းမှုနဲ့ပတ်သက်ပြီးတိုင်းတာမှုတွေ တသမတ်တည်း မှန်ကန်စေဖို့အတွက် မြန်မာနိုင်ငံဘက်မှာ ရေအရည်အသွေး စောင့်ကြည့်စခန်း (၄) ခုနဲ့ ထိုင်းနိုင်ငံဘက်မှာ (၄) ခု တပ်ဆင်ခွင့်ရဖို့ ထိုင်းဘက်က တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒီဇင်ဘာလ (၂) ရက်နေ့ကစပြီး ကော့မြစ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ညစ်ညမ်းမှုထိန်းချုပ်ဇုန် အဖြစ် သတ်မှတ်သွားဖို့လည်း ထိုင်းအစိုးရက စီစဉ်ထားတယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ယော့ဒ်ချန်နန်က ပြောပါတယ်။ တခြားစက်မှုလုပ်ငန်းတွေအပေါ် ထိခိုက်မှု နည်းပါးစေဖို့အတွက် ဓာတုပစ္စည်းတင်ပို့မှု ကန့်သတ်ချက် စည်းမျဉ်းတွေကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ပြန်လည်သုံးသပ်နေတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News