သုတကျော် (NP News) - နိုဝင်ဘာ ၂၃
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲတွင် SSL မြန်မာအသင်းက (၁၆) အသင်း အဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ပွဲစဉ်အပြီးတွင် ဒုတိယအဆင့်ဖြစ်သည့် ဒုတိယအဆင့်ဖြစ်သည့် ၁၆ သင်းအဆင့် (Round Of 16) သို့ တက်ရောက်သွားခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဥရုဂွေးအသင်းနှင့်အတူ နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ခြင်းဖြစ်ကာ ပထမ ပွဲစဉ်များတွင် အမှတ်နည်းနေခဲ့သော်လည်း နောက်ဆုံးပွဲတွင်တွင် (၈) မှတ်အထိ အရယူနိုင်ခဲ့ပြီး ယင်းကို SSL Gold Cup ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ချီးကျူးရေးသားထားသည်။
“ဥရုဂွေးအသင်းက ဦးဆောင်နေပြီး SSL Team Oman အသင်းကလည်း နောက်တစ်ဆင့်တက်ခွင့် တစ်နေရာအတွက် အပြင်းအထန် ကြိုးစားယှဉ်ပြိုင်နေချိန်မှာ SSL Team Myanmar အတွက်ကတော့ အရာအားလုံးကို ပုံအောပြီး အနိုင်ကစားဖို့ပဲ ရှိနေခဲ့တာပါ။ သူတို့ဟာ အရေးအကြီးဆုံး အချိန်ရောက်မှ တကယ့်စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့ပါတယ်။လေစုန်လမ်းကြောင်းအတိုင်း မောင်းနှင်ရတဲ့ နောက်ဆုံးအပိုင်း (Final downwind leg) မှာ မြန်မာအသင်းရဲ့ Inya (အင်းလျား) ရွက်လှေဟာ ပြိုင်ပွဲလမ်းကြောင်းရဲ့ ညာဘက်ခြမ်းကနေ အရှိန်အဟုန်မြှင့်ပြီး တဟုန်ထိုး ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ပန်းဝင်မျဉ်းမရောက်ခင် လေးတင်မှာပဲ ဦးဆောင်နေတဲ့ SSL Team Uruguay ကို ကျော်တက်သွားနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ထည့်သွင်းဖော်ပြရေးသားထားသည်။
SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲသည် နာမည်အကျော်ကြားဆုံး ရွက်လှေပြိုင်ပွဲကြီးများ အနက် တစ်ခု ဖြစ်ပြီး ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့တွင် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ (၁၃) ရက်အထိ ကျင်းပနေရာ ဒုတိယအဆင့် (၁၆) သင်းအဆင့် (Round Of 16) ပြိုင်ပွဲများအား နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။