Eleven Media Group

ရုရှားသမ္မတဗလာဒီမာပူတင် လာသည့်နေ့တွင် ICC မှ နုတ်ထွက်သည်ဟု တာဂျီကစ္စတန် ပြောကြား

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခံထားရသည့် ရုရှားသမ္မတ ဗလာဒီမာပူတင် နိုင်ငံသို့လာသည့်နေ့တွင်ပင် ICC မှ နုတ်ထွက်သည်ဟု ဗဟိုအာရှနိုင်ငံဖြစ်သည့် တာဂျီကစ္စတန်က နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

​ယူကရိန်းကလေးငယ်များအား "တရားမဝင် နေရပ်‌ရွှေ့ပြောင်းခေါ်ဆောင်မှု" ဖြင့် ရုရှားသမ္မတပူတင်နှင့် ၎င်း၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မာရီယာ လဗိုဗာဘီလိုဗာတို့ကို သည်ဟိဂ် (The Hague) အခြေစိုက် ICC တရားရုံးက ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။

​၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲကို စတင်ခဲ့သည့် သမ္မတပူတင်သည် ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်သမ္မတ ရှီကျင်းပင်တို့နှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် တာဂျီကစ္စတန်သို့ ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။

​အဆိုပါ ခေါင်းဆောင်သုံးဦးက နိုင်ငံတော်အဆင့် အရာရှိကြီးများ၏ ကင်းလွတ်ခွင့် (Immunity) ကို အကာအကွယ်ပေးလိုကြောင်း ကြေညာခဲ့ကြသည်။

​တာဂျီကစ္စတန်က နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမဥပဒေ (Rome Statute) မှ တရားဝင်နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းနုတ်ထွက်မှုသည် ပူတင် လာရောက်သည့်နေ့ဖြစ်သော "၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း" ဖော်ပြထားသည်။

​ICC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သမ္မတပူတင် ၎င်းတို့၏ ပိုင်နက်အတွင်း ခြေချလာပါက ဖမ်းဆီးရန် တာဝန်ရှိသည်။

​ရုရှား၏ ရင်းနှီးသော မဟာမိတ်နိုင်ငံဖြစ်သည့် တာဂျီကစ္စတန်သည် ICC ကို တည်ထောင်သည့် ရောမဥပဒေကို ၁၉၉၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

​တာဂျီကစ္စတန်၏ ဆုံးဖြတ်ချက်အပေါ် "စိတ်မကောင်းဖြစ်ရကြောင်း" ICC က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

​"အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရောမဥပဒေမှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းသည် တရားမျှတမှုကို စုပေါင်းရှာဖွေနေမှုအား ထိခိုက်စေနိုင်ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေမှုများကို အဆုံးသတ်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အားနည်းသွားစေနိုင်သည်" ဟု တရားရုံးက ဆိုသည်။

​"ICC သည် နိုင်ငံတကာ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်၏ ဗဟိုချက်တွင် ရပ်တည်နေပြီး ၎င်း၏ ထိရောက်မှုမှာ နိုင်ငံတကာအသိုက်အဝန်း၏ စဉ်ဆက်မပြတ် ပြတ်သားသော ပံ့ပိုးကူညီမှုအပေါ် မူတည်နေသည်" ဟုလည်း ထပ်လောင်းဖော်ပြခဲ့သည်။

​အနောက်နိုင်ငံများ၏ ဖယ်ကြဉ်ခြင်းခံထားရသည့် သမ္မတပူတင်သည် ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ ပြည်ပခရီးစဉ်များကို ကန့်သတ်သွားလာလျက် ရှိသည်။

မူရင်းသတင်း — Eleven Media Group