
နိုဝင်ဘာ ၂၃ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းရှိ စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တဆိုင်ကို ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းက လူငယ်တစုက ဓားတွေကိုင်ဆောင်ကာ ဝင်ရောက်တိုက်ခိုက် လုယက်ခဲ့တယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှာ တင်ထားပါတယ်။
ဆိုင်အတွင်း ဧည့်သည် ဝင်ရောက်လာတာကြောင့် တံခါး ခေတ္တဖွင့်ထားချိန်ကို အခွင့်ကောင်းယူကာ လူငယ်တစုက ရုတ်တရက်ဝင်ရောက် လုယက်ခဲ့ခြင်းဖြစ်ပြီး ရွှေထည်ရတနာပစ္စည်းတွေ ထားရှိရာ မှန်ပုံးတွေကို မှန်အထူစားတွေကို အသုံးပြုထားတဲ့အတွက် ပစ္စည်းတွေ ပါမသွားသလို လူတွေလည်း ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။
“ကျွန်မဆိုင်မှာ ဖြစ်သွားတာပါ။ အားလုံး သတိရှိကြပါ။ ကိုယ်ဘာသာကိုယ် ကာကွယ်မှ အဆင်ပြေတဲ့အခြေအနေမှာ မှန်အထူစား သုံးထားလို့ မပါသွားတာပါ။ ဧည့်သည်လာလို့ ခဏတံခါးဖွင့်တုန်း အလစ်ချောင်းဝင်လာတာပါ။ သုံးရက်လောက် အရင်လေ့လာပြီးမှ လုပ်တာနော်။ ကလေးတွေဆိုပြီး အထင်သေးလို့မရဘူး။ အားလုံးဂရုစိုက်ကြပါ” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လက်ရှိမှာ လုယက်ဖို့ ကြိုးပမ်းခဲ့သူတွေကို ဖမ်းဆီးရမိခြင်း ရှိ၊ မရှိနဲ့ အမှုအခြေအနေကို နောက်ဆက်တွဲအခြေအနေကို VOM က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ဗဟိုဈေးတောင်ဘက်ရှိ ရွှေတောင်တန်းရွှေဆိုင်မှာ ဓားပြတိုက်လုယက်မှု ဖြစ်ခဲ့ပြီး ကနဦးသတင်းတွေအရ ရွှေဆွဲကြိုး ၁၉ ကုံး၊ ကာလပေါက်ဈေး ကျပ်သိန်း ၁၀၀၀ ဖိုးခန့် ပါသွားတယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်မဲမြို့အတွင်းမှာ စက်တင်ဘာ ၂၅ ရက်က ရတီမှန်ရွှေဆိုင်၊ စက်တင်ဘာ ၁၂ ရက်က ရွှေမိုးရွှေဆိုင်တို့ ဓားပြတိုက်ခံခဲ့ရသလို အောက်တိုဘာလအတွင်းကလည်း ငွေလွှဲထုတ်ပေးတဲ့ဆိုင်၊ စက်ပစ္စည်းဆိုင်နဲ့ စားသောက်ဆိုင်တွေ အပါအဝင် နေရာအများအပြားမှာ ဓားပြတိုက် လုယက်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ရွှေစင်ဝင်းရွှေဆိုင်မှာ သေနတ်ပစ်ဖောက် လုယက်မှုဖြစ်ခဲ့ပြီး ကျူးလွန်သူ သုံးယောက်ကို ဖမ်းမိရာမှ ဆက်စပ်အမှုတွေပါ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃) ရပ်ကွက်၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြား၊ မနော်ဟရီလမ်းရှိ မီလျံနာရွှေဆိုင်ကို အမျိုးသားခြောက်ယောက်က သေနတ်ပစ်ဖောက် ဝင်ရောက်၊ လုယက်မှုဖြစ်ခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
#voiceofmyanmar #VOM #ကျောက်မြောင်း #စိန်ရွှေရတနာ #ရောင်းဝယ်ရေးဆိုင် #လုယက်မှု