


၂၄.၁၁.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့် အောင်မြတ်သာလမ်းဆုံတွင် ဘုံကထိန်လှည့်လည်သည့်ယာဥ်တန်းမှ မော်တော်ယာဥ်ချင်း တိုက်မိပြီးနောက် လမ်းလျှောက်လာသူများကို ထပ်မံတိုက်မိရာမှ တစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု နိုဝင်ဘာလ ၂၃ ရက်၊ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘုံကထိန်လှည့်လည်နေသည့်ယာဥ်တန်းထဲမှ Mazda Bongo အမျိုးအစား အဖြူရောင်မော်တော်ယာဥ်က ရှေ့တွင် မောင်းနှင်နေသော Hijet အမျိုးအစားကို ဝင်တိုက်ခဲ့ပြီး ယာဥ်တိုက်ခံရသော အရှိန်ကြောင့် Hijet ယာဥ်က လမ်းလျှောက်နေသူများကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၅၄ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အမျိုးသမီးတစ်ယောက်ကိုတော့ ကလောဆေးရုံပို့ခဲ့ရတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကတော့ ဆေးကုသပေးပြီး အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ အိမ်ပြန်ပို့သူတွေက အသက်အန္တရာယ်မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေး ပါဝင်သူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ အောင်ပန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရွှေသန်လျင်နာရေးကူညီမှုအဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း(အောင်ပန်း)မှ အသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် Mazda Bongo မော်တော်ယာဥ်မောင်း ဦးမောင်မောင် ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အောင်ပန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။