Voice of Myanmar

AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ လေးယောက်သေ ၊ကိုးယောက်ဒဏ်ရာရ

နိုဝင်ဘာ ၂၃ ၊ ၂၀၂၆

GG (VOM)

ရခိုင်ပြည်နယ် ၊ AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈ နာရီခွဲလောက်က လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ကိုးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုက နန်းတက်ကျွန်းရွာကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒဏ်ရာရရှိသူတွေထဲ ပြင်းထန်သူတွေလည်းရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

” လေးယောက်ကနေရာမှာပဲဆုံးတယ်။ ဒဏ်ရာရသူကကိုးယောက်ရှိတယ် ။ အိမ်တချို့လည်း ပျက်စီးမှုရှိတယ် သိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ကလည်း ပေါက်တောမြို့နယ် သဝင်ချောင်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အတွင်းကလည်း သံတွဲမြို့နယ် ၊ ကျောက်တော် ၊ပုဏ္ဍားကျွန်း ၊ ကျောက်ဖြူမြို့နယ် တွေမှာ လေကြောင်း​တိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ရှစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၁၄ ရက်ကလည်း AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ် ၊သူဌေးကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ၂၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ နေအိမ်အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

မူရင်းသတင်း — Voice of Myanmar