
သန့်မင်းအိမ် (NP News) - နိုဝင်ဘာ ၂၄
မြန်မာ့မီးရထားမှ ပြေးဆွဲပေးလျက်ရှိသည့် အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားအား ခဲဖြင့်ပစ်ပေါက်မှုကြောင့် ရထားတွဲ၏ ပြတင်းတံခါးဘေး လေကာမှန်များ ကွဲအက်ပျက်စီးခဲ့ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံမီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (နိုဝင်ဘာ ၂၀ )ရက် ညနေ ၃ နာရီ ၃၂ မိနစ်တွင် ဘဲလင်းဘူတာမှ ထွက်ခွာလာသည့် ရထားအား ဘဲလင်းဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား မိုင်တိုင် ၃၆၈/၁၉ နှင့် ၃၆၈/၂၀ ကြားသို့ ညနေ ၃ နာရီ မိနစ် ၄၀ တွင် ဖြတ်သန်းစဉ် ရထားလမ်းအနောက်ဘက်မှ ခဲဖြင့်ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါပြစ်ပေါက်မှုကြောင့် စက်ခေါင်းနောက် သုံးတွဲမြောက် အထက်တန်းတွဲရှိ ခုံအမှတ် 9 A,B နှင့် 10 A,B အကြား ပြတင်းတံခါးဘေး လေကာမှန်များ ကြေမွကွဲအက်ပျက်စီးခဲ့သည်။
ရထားသည် စဥ့်ကိုင်ဘူတာသို့ ညနေ (၃) နာရီ (၄၁) မိနစ်တွင် ရောက်ရှိခဲ့ပြီး ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ကာ ညနေ (၄)နာရီ (၅) မိနစ်တွင် ဆက်လက်ထွက်ခွာခဲ့သဖြင့် ရထားခရီးစဉ် (၂၄) မိနစ် ကြန့်ကြာခဲ့သော်လည်း ခရီးသည်နှင့် ရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ စဉ့်ကိုင်ဘူတာရုံပိုင်နှင့် စဉ့်ကိုင်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ဦးစီး ရဲတပ်ဖွဲ့ဝင်သုံးဦးတို့သည် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရောက်ရှိစစ်ဆေးခဲ့ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ သန်းဇော်၊ အသက် ၅၈ နှစ် (ဘ) ဦးမြိုင်အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါကျူးလွန်သူအား စဉ့်ကိုင်မြို့မရဲစခန်း၌ (ပ)၇၅/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားအား တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပုဒ်မ ၈၄ တွင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် ရထားပြေးဆွဲခြင်းအပါအဝင် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် အများပြည်သူပိုင် ရထားပို့ဆောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပေးကြရန် လိုအပ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
