
ရန်ကုန် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် မီးပုံးပျံအဖွဲ့များမှ အကောင်းဆုံးဆုရအသင်းများ ပေါ်ထွက်လာနိုင်ရေး အမှတ်ပေးဒိုင်ခုနစ်ဖွဲ့က အမှတ်ပေးစည်းမျဉ်းနှင့်အညီ နေ့စဉ်အကဲဖြတ်ပေး လျက်ရှိသည်။
၂၀၂၆ ခုနှစ် မီးပုံးပျံပြိုင်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရိုးရာမီးပုံးပျံလွှတ်တင်ရေး ဒိုင်ချုပ်အဖွဲ့ နှင့် ဒိုင်စည်းကမ်း အမှတ်ပေးအဖွဲ့အောက်တွင် မှိုင်းခံအမှတ်ပေးအဖွဲ့၊ ပုံသဏ္ဌာန်အမှတ်ပေးအဖွဲ့၊ အတက်စံချိန် အမှတ်ပေးအဖွဲ့၊ သဘာဝရုပ်လုံးနှင့် စက္ခုပသာဒ အမှတ်ပေးအဖွဲ့၊ ယမ်းခွေအလေး ချိန် ချိန်တွယ်စစ်ဆေးရေးအဖွဲ့နှင့် တန်ဆာပလာ အမှတ်ပေးအဖွဲ့ဟူ၍ အမှတ်ပေးအဖွဲ့ခြောက်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထားပြီး အမှတ်ပေးဒိုင်များက အဝေရာမီးပုံးပျံကွင်း၌ နေ့စဉ်နေ့လွှတ်အရုပ်နှင့် ညလွှတ်မီးပုံးပျံများကို စောင့်ကြည့် အကဲဖြတ် အမှတ်ပေးလျက်ရှိသည်။
ယခုနှစ် မီးပုံးပျံပြိုင်ပွဲသည် ယခင်နှစ်များထက် ပြိုင်ပွဲဝင်မီးပုံးပျံ အလုံးရေများပြားပြီး ပြိုင်ဆိုင်မှု အားကောင်းသည့်အတွက် ပွဲတော်လာပြည်သူများက ပွဲတော်ရက် များအတွင်း နေ့စဉ် ကြိတ်ကြိတ်တိုး လာရောက် အားပေးလျက်ရှိသည်။

“မီးပုံးပျံပြိုင်ပွဲမှာ အရုပ်ဆိုရင် တစ်ရက်ကို ၄၅ လုံးနီးပါး လွှတ်တင် နေပါတယ်။ ဒီနှစ်မှာ ပြိုင်ပွဲဝင် နေ့လွှတ်အရုပ်ပေါင်း ၄၄၉ လုံးရှိပါ တယ်။ မနှစ်က အရုပ် ၂၀၀ ကျော်ပဲ ရှိခဲ့တာပါ။ ဒီနှစ်မှာ ၉ ရက်နဲ့ မလောက်လို့ နိုဝင်ဘာ ၁၃ ရက် နေ့ကစပြီး နေ့အရုပ်လွှတ်ပြိုင်ပွဲ ကို စတင်ခဲ့ရပါတယ်။ တောင်ကြီးမှာ မီးပုံးပျံပြိုင်ပွဲအစ နေ့အရုပ်လွှတ်တင်ရာကနေ စခဲ့တာပါ။ မီးနဲ့အရုပ်ကို လွှတ်တင်ခဲ့ရာကနေ မီးဆရာအစ အရုပ်ကလို့ စကားရှိခဲ့ပါတယ်။ မီးပုံးပျံအရုပ် လွှတ်တင်ရာကနေ စိန်နားပန်၊ မီးကြီးဆိုပြီး တဖြည်းဖြည်းတိုးတက် ပြောင်းလဲခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲဟာ စံချိန်တင်အလုံးရေများတဲ့ အတွက် ပြိုင်ပွဲမှာ အမှတ်ပေးအဖွဲ့အနေနဲ့ အဖွဲ့ခြောက်ဖွဲ့က နေ့ညမပြတ် လွှတ်တင်ပေးနေပြီး သတ်မှတ် စည်းကမ်းနဲ့အညီ အမှတ်ပေးနေပါတယ်။ အထူးသဖြင့် အကောင်းဆုံးအသင်းတွေ ဆုရရှိရေးအတွက် အမှတ်ပေးဒိုင် တွေအနေနဲ့ အကဲဖြတ်ဆောင်ရွက်ပေးနေပါတယ်”ဟု ဒိုင်စည်းကမ်း အမှတ်ပေးအဖွဲ့ ခေါင်းဆောင် မီးပုံးပျံပညာရှင် ဦးတင်ဝင်း (ပန်းချီ)က ပြောသည်။

ယနေ့ကျင်းပသည့် နေ့လွှတ် အရုပ်ပြိုင်ပွဲတွင် လင်ကောင်ပိုး၊ ဟင်္သာ၊ ဘဲ၊ အချစ်ငှက်၊ ငန်း၊ ကြက်တူရွေး၊ စာကလေး၊ ရွှေဝါ ငှက်၊ သစ်တောက်ငှက်၊ ကြက်ဖ၊ ကာဒီနာငှက်နီ၊ တောဝက်၊ အာဖရိကဆင်၊ ဆူမို၊ ဂေါ်ဇီလာ၊ ရွှေသမင်၊ ပုရွက်ဆိတ်စားဝက်၊ ကြံ့၊ ခြင်္သေ့၊ နှင်းကျားသစ်၊ ဝက်ဝံ၊ ရှဉ့်ကြွက်၊ ပန်ဒါသုံးကောင်၊ ကြက်သုံးကောင်၊ ယုန်သုံးကောင်၊ ဘဲသုံးကောင်၊ ပင်ဂွင်းသုံးကောင်၊ ငှက်မင်းသားသုံးကောင်အပါအဝင် သဘာဝအရုပ်မီးပုံးပျံ ၃၉ ခု၊ ညလွှတ်စိန်နားပန် မီးပုံးပျံပြိုင်ပွဲ တွင် ချီခန့်(ငပျင်း)၊ ရွှေနမ့်စန်၊ ဇွဲထက်၊ Cherry Oo ၊ ရွှေအင်းသား၊ ညမီးကြီးပြိုင်ပွဲတွင် ကောဝ်နင်း Nice Food၊ ချီခန့်(ငပျင်း)၊ တောင်ပိုင်း၊ ရွှေဇုန်၊ Cherry Oo၊ Alpine သောက်ရေသန့်၊ ရွှေအင်း သား၊ မင်္ဂလာ၊ ဟူးဟားစွို့အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယနေ့သည် အဖိတ်နေ့ဖြစ် သည့်အတွက် တောင်ကြီးမြို့၌ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ၊ အခြေခံပညာ ကျောင်းများနှင့် ဒေသခံတို့၏ မြို့လုံးကျွတ် ဘုံကထိန်လှည့်လည်ပွဲကို လည်းကောင်း၊ ညနေပိုင်းတွင် စူဠာမုနိ လောကချမ်းသာ စေတီတော်၌ မသိုးသင်္ကန်းရက်လုပ် ယှဉ်ပြိုင်ပွဲကိုလည်းကောင်း ကျင်းပခဲ့ပြီး အထူးစည်ကားခဲ့ကြောင်း သိရသည်။
ကိုထွေး၊ သစ္စာ
ဓာတ်ပုံ - ဇွဲမာန်
