NP News

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အစမှ ယနေ့အထိ ကာလအတွင်း ထိခိုက်သူများအနက် မူးလဲသူ အရေအတွက် ပိုများ

သုတကျော် (NP News) - နိုဝင်ဘာ ၂၄
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အစ မှ ယနေ့ အထိ ကာလ အတွင်း ထိခိုက်သူများအနက် မူးလဲသူ အရေအတွက်မှာ ပိုမို များပြားကြောင်း သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သတင်းဋ္ဌာနကို ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ ကို နိုဝင်ဘာလ (၁၆) ရက်မှ စတင်ကာ အဝေရာမီးပုံးပျံကွင်း ၌ ကျင်းပပြုလုပ်နေခြင်း ဖြစ်ပြီး နိုဝင်ဘာလ (၂၅) ရက်တွင် ပိတ်ပွဲ ပြုလုပ်မည် ဖြစ်သည်။
ပွဲတော်ကာလ တလျှောက်တွင် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး စုစုပေါင်း ညလွှတ်မီးပုံးပျံ ၁၁၂ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေး‌ချောင်း ၁၃၈ လုံး၊ အရုပ်အုပ်စု ၇၅ လုံး စုစုပေါင်း နေ့လွှတ်အရုပ်မီးပုံးပျံ ၄၄၉ လုံး ပါဝင်ယှဉ်ပြိုင် လွှတ်တင်နေသည်။
ယခု နှစ်သည် မီးပုံးပျံ အရေအတွက် စံချိန်တင်အများဆုံး ပါဝင်သည့် နှစ်ဖြစ်ပြီး ယခု နောက်ပိုင်းနှစ်များ အတွင်း ပရိတ်သတ် အများဆုံး ပါဝင်ဆင်နွှဲနေကြောင်းလည်း သိရသည်။
“ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် စုစုပေါင်းတော့ မသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ လောလောဆယ်တော့ မူးလဲတာပဲ များနေတယ်” ဟု ၎င်းက ဆိုသည်။
ပွဲတော်ကာလ အစ မှ ယနေ့ အထိ မူးလဲသူ အရေအတွက်မှာ များပြားပြီး အများစုမှာ နယ်ဝေးက လာသူများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“(၁၆၈) ဦး ရှိတယ်။ (၃) ဦးကတော့ ဆေးရုံတင်ထားလိုက်ရတယ်။ တချို့ကတော့ မူးလဲတာ။ တချို့ကတော့ ရင်ကျပ်တာ။ တချို့က အမောဖောက်တာ။ တချို့ က အသက်ရှူကြပ်တာတွေပေါ့။ အဓိက တော့ မူးလဲတာ ပိုများတယ်။ အဖြစ်များတာကလည်း နယ်ဝေးက လာတဲ့သူ ပိုအဖြစ်များတယ်” ဟု ၎င်းက ဆိုသည်။

မူရင်းသတင်း — NP News