Myanmar National Post

သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါ တော်နေ့) ၌ ရွှေကြာသင်္ကန်းကပ်လှူပူဇော်









ပုဇွန်တောင်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ပဥ္စမအကြိမ် မြောက် ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)  နံနက် ၅ နာရီအချိန်က ကျင်းပခဲ့သည်။

သာမညဖလအခါတော်နေ့ နံနက် ၅ နာရီတွင် ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲအခမ်းအနား ကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့်အကျိုး များကို ရှင်းလင်းပြောကြားခဲ့ပြီး အနံ ၅ ကိုက်ခွဲ x အလျား ၆ ကိုက်ခွဲရှိကာ ရွှေကြာသင်္ကန်း ပေါင်း(၉၀)ထည်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင် များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူ၊  စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းနှင့် အဖွဲ့ဝင် များ၊ ပင်မအလှူရှင်များက စေတီတော်အထက်ပစ္စယာ၊ အောက်ပစ္စယာ၊ ပန်းတင်ခုံများရှိ စေတီတော်များ၊ ပရိဝုဏ်အတွင်းရှိ အရံစေတီများ၊ မတ်ရပ်ရုပ်ပွားတော်များ၊  လျောင်းတော်မူ ရုပ်ပွားတော်များ၊ ထိုင်တော်မူရုပ်ပွားတော်များနှင့်မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ အပြင် သာသနဇောတိကဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်များအား ရွှေကြာသင်္ကန်းများ ကိုယ် တိုင် ဆက်ကပ်ပူဇော်ခဲ့ကြသည်။

ယင်းနောက်  ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ သီရိ မင်္ဂလာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ ဘဒ္ဒန္တဥာဏိဿရထံမှ အနုမော ဒနာတရားနာကြားကာ ဆရာတော်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့ကြသည်။ အဆိုပါပဥ္စမအကြိမ် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး သမိုင်းဝင်ရွေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယခင်က နှစ်စဥ်မသိုးသင်္ကန်းများ ရက်လုပ်ဆက်ကပ်ပူဇော်ခဲ့ပြီး ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းသည် ယခုအကြိမ်နှင့် ဆိုလျှင် ပဥ္စမအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။


စုယဉ်ချစ်

#Myanmar #News




မူရင်းသတင်း — Myanmar National Post