စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၄
တစ်နှစ်ကျော်ခန့်အသုံးပြုထားသော WeChat အကောင့်များကို တရားမဝင် ငွေလွှဲပြောင်းရန်နှင့် အခြားလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံ၌ ငွေပေးဝယ်ယူမှုများရှိနေကြောင်း သိရှိသူများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် တစ်နှစ်ကျော်ခန့်အသုံးပြုထားသော WeChat အကောင့်များကို အကောင့်တစ်ခုလျှင် ငွေကျပ် (၁)သိန်းကျော်အထိပေးဝယ်မှုများရှိနေပြီး အချို့မှာ အကောင့်အများအပြားကို ဝယ်ယူနေကြသည်ကိုတွေ့ရှိနေရကြောင်း သိရှိသူများကပြောသည်။
ထိုသို့ဝယ်ယူနေခြင်းမှာ WeChat တွင်ငွေပေးချေမှုနှင့်ငွေလွှဲပြောင်းနိုင်သည့် WeChat Pay ဖြင့် တရားမဝင်ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးခဝါချ မှုများအတွက် အသုံးချရန်ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူတစ်ဦးက NP News သို့ပြောသည်။
“WeChat မှာ WeChat Pay ဆိုတာရှိတယ်။ ငွေပေးချေရေးစနစ်လေ။ အဲဒီဟာက ငွေလွှဲတာ၊ ငွေ ကြေးခဝါချတာ၊ တရားမဝင်ငွေလွှဲပြောင်းမှုပေါ့။ ပြဿနာက အဲဒါကြောင့်လည်း ဝယ်တာဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငွေလွှဲမှုက သူ့နံပါတ်ကိုမသုံးတော့ဘူး။ ငွေကြေးခဝါချတဲ့ ဥစ္စာကို အဲဒီအကောင့်နဲ့လုပ်ပစ်လို့ရတယ် WeChat Pay ကနေတစ်ဆင့်။ အဲဒီတော့ တကယ်တမ်း ငွေကြေး ခဝါချတာနဲ့ ငွေလွှဲပြောင်းတာနဲ့ တရားမဝင်ငွေ၊ အွန်လိုင်းလိမ်လည်မှုကငွေသော်လည်းကောင်း အဲဒါကို လွှဲတာက ကိုယ့်မူရင်းဟာ မဟုတ်တော့ဘူး။ WeChat ဖွင့်ထားတဲ့အကောင့်ပိုင်ရှင်ရဲ့ဟာဖြစ်သွားတယ်။ စစ်ရင် ဖွင့်ထားတဲ့သူခံရမှာ”ဟု ၎င်းကပြောသည်။ ထို့ပြင် WeChat အကောင့်အသစ်ဖွင့်ရန် ခက်ခဲလာ ခြင်းကြောင့် ဖွင့်ပြီးသားအကောင့်ဟောင်းများကို ပြန်လည်ဝယ်ယူနေခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
“ဖွင့်ထားတဲ့နံပါတ်ကနေ ထပ်ပွားပြီးဖွင့်ပြီး အသစ်နောက်တစ်ခုမှာ အကောင့်ဟောင်းတွေကပဲ WeChat က ဖွင့်လို့ရတော့တာ။ အကောင့်ဟောင်းတွေမှာ တစ်ခါသုံးလျှို့ဝှက်နံပါတ် (OTP) ကျမှ အ ကောင့်သစ်တွေကထပ်ဖွင့်လို့ရတာ”ဟု ၎င်းကပြောသည်။
WeChat အကောင့်ဟောင်းများတွင် မူလပိုင်ရှင်၏ဖုန်းနံပါတ်နှင့် အခြားအချက်အလက်များ ချိတ် ဆက်နေသည့်အတွက် ဝယ်ယူသူက တရားမဝင်လုပ်ငန်းများတွင်အသုံးပြုပါက မူလပိုင်ရှင်တွင် စစ်ဆေး မေးမြန်းခံရနိုင်ကြောင်း ၎င်းကပြောသည်။
“နောက်ကြောင်းလိုက်ပြီး ငွေကြေးခဝါချမှုနဲ့ ငွေလွှဲတာတွေ အဲဒီဟာတွေက မူရင်းဖုန်းနံပါတ်ဆီ ပြန်လာရင် ရောင်းလိုက်တဲ့လူခံရမှာ”ဟု ၎င်းကပြောသည်။
WeChat အကောင့်များကို ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် လွှဲပြောင်းခြင်းတို့ပြုလုပ်ပါက အ ကောင့်ပိတ်သိမ်းခံရနိုင်ကြောင်း ဥပဒေရေးရာဘောဂဗေဒပညာရှင် ဒေါက်တာဖိုးဖြူ က ပြောသည်။
“Tencent ရဲ့အကောင့်အသုံးပြုစည်းကမ်းအရ ကိုယ်ပိုင်အကောင့်ကို တခြားသူဆီလွှဲပေးတာ၊ ငှားပေးတာ၊ သုံးခွင့်ပေးတာကို တားမြစ်ထားပါတယ်။ တရုတ်ပြည်မဆိုင်ရာ Weixin သဘောတူညီချက် အပိုဒ် (၇-၁-၂)မှာတော့ အကောင့်ကိုရောင်းချခြင်းကိုပါ အတိအလင်းတားထားပါတယ်။ ဒါကြောင့် ငွေ ပေးဝယ်ယူထားရင်တောင် Tencent ကအသိအမှတ်ပြုတဲ့ အသုံးပြုခွင့်ရလာတာမျိုးမဟုတ်ပါဘူး။ အ ကောင့်ကို ကန့်သတ်တာ၊ ပိတ်တာမျိုးဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဥပဒေအရ WeChat အကောင့်တစ်ခုကို ရောင်းချခြင်းတစ်ခုတည်းဖြင့် ရာ ဇဝတ်မှုကျူးလွန်သည်ဟု အလိုအလျောက်သတ်မှတ်နိုင်ခြင်းမရှိသော်လည်း လိမ်လည်ရန်ရည်ရွယ်ချက် ဖြင့်ရောင်းချခြင်း သို့မဟုတ် လိမ်လည်မှုတွင် သိလျက်နှင့်ပါဝင်ကူညီခြင်းရှိပါက သက်ဆိုင်ရာ ရာဇသတ် ကြီးပုဒ်မများအရ အရေးယူခံရနိုင်ကြောင်း ၎င်းကပြောသည်။
“လိမ်လည်မှုကိုရည်ရွယ်ပြီးကူညီခဲ့ရင် ရာဇသတ်ကြီးပုဒ်မ (၁၀၇)အရ အားပေးကူညီမှုဖြစ်နိုင် ပါတယ်။ ဥပမာ ဝယ်သူက လိမ်လည်ဖို့သုံးမယ်လို့ပြောထားပြီး ရောင်းသူက အဲဒီလုပ်ရပ် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး အကောင့်ပေးခဲ့တာမျိုးပါ။ အားပေးကူညီ မှုရဲ့အကျိုးဆက်အဖြစ် မူလပြစ်မှုကျူးလွန်ခဲ့ပြီး သီးခြားပြစ်ဒဏ်ပြဋ္ဌာန်းချက်မရှိရင် ပုဒ်မ (၁၀၉)အရ မူလပြစ်မှုအတွက်သတ်မှတ်တဲ့ပြစ်ဒဏ်ကို ချမှတ် နိုင်ပါတယ်။ သက်ဆိုင်ရာအချက်တွေပြည့်မီတဲ့ ငွေလိမ်မှု မှာ ပုဒ်မ(၄၂၀/၁၀၉)ကိုတွဲဖက်ရပါမယ်}}ဟု င်းက ပြောသည်။
ထို့ပြင် WeChat အသုံးပြုလိုသူများအနေဖြင့်လည်း အကောင့်ဟောင်းများကို ဝယ်ယူအသုံး ပြု ခြင်းသည် အန္တရာယ်ရှိနိုင်သည့်အတွက် မဝယ်ယူသင့်ကြောင်း အခြားဥပဒေပညာရှင်တစ်ဦးကပြော သည်။
“WeChat အကောင့်တွေကတော့ မဝယ်သင့်ဘူး။ WeChat အကောင့်တွေဝယ်လို့ ပထမလူ ဆီက ထောက်ပို့လုပ်ထားတာတွေ၊ ငွေလွှဲထားတာတွေ အဲဒါတွေပါလာရင် ဝယ်လိုက်တဲ့သူအတွက် အန္တရာယ်ရှိ တယ်။ အဲဒါမျိုးမဝယ်သင့်ဘူး။ အဲဒါအရောင်းအဝယ်လုပ်တာသည် တရားမဝင်ဘူး။ တရားဝင် ကုန် ရောင်းကုန်ဝယ်မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။