
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၄
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တရားမဝင်အုန်းသီးများ တင်ဆောင်လာသောကားနှင့် ခရီးသည်တင်ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့(နိုဝင်ဘာ ၂၄ ရက်)၊ နံနက်(၄)နာရီ (၄၅)မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် (၂၂၂)မိုင် (၇)ဖာလုံ အနီး ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်းလာသော ယာဉ်မောင်းပါ အမျိုးသား(၃)ဦး၊ အမျိုးသမီး (၉)စုစုပေါင်း(၁၂)ဦး လိုက်ပါလာသည့် ရွှေတွင်းကြီးခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် "ဂ" ကွေ့မှ တစ်ဖက်ယာဉ်ကြော မန္တလေးမှ ရန်ကုန် ဘက်သို့ ကွေ့နေစဉ် ယာဉ်မောင်းပါ အမျိုးသား(၅)၊ အမျိုးသမီး(၁၅) စုစုပေါင်း (၂၀) လိုက်ပါပြီး ခရီးသည်ပစ္စည်းအပြင်အုန်းသီး (၅၃၀)လုံးခန့် တင်ဆောင်လာသော လားရာတူအနောက်ဖက်မှမောင်းနှင်လာသည့် ရာဇာအောင်ခရီးသည်တင်ယာဉ်မှ အနောက်မှ ဝင်တိုက်မိရာမှ လမ်းယာဘက်ခြမ်းမြေသားလမ်းအားကျော်၍ ကာရံထားသည့် သံဇကာကွက်ခြံစည်းရိုးများအား ဝင်ရောက်တိုက်မိပြီး လမ်းဗဟိုချက်မှ (၁၂၀)ပေအကွာ ကုန်ထုတ်လမ်းအထိရောက်ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ရာဇာအောင်ခရီးသည်တင်ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယာဥ်ပေါ်တွင် တရားမဝင်တန်ဆာအဖြစ်သယ်ဆောင်လာသော အုန်းသီးများလမ်းပေါ်သို့ပြုတ်ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေတွင်းကြီးခရီးသည်တင်ယာဉ်မှာအမြန်လမ်းပေါ်တွင် ကန့်လန့်ရပ်တန့်ခဲ့ပြီး ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း လမ်းဘေးတွင် ကာရံထားသည့်အကာရံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ ယာဥ်ပေါ်ပါသူအားလုံးထိုင်ခုံခါးပတ် ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ ခရီးသည် တင်ယာဥ်များကုန်မတင်ကြရန်၊ Express Bus / Mini Bus 90 km/hr၊ လူစီးယာဥ်ငယ်များမှာ တစ်နာရီလျှင့်(၁၀၀)ကီလိုမီတာ၊ ကုန်တင်ယာဥ်+လိုက်ထရပ်+ပစ်ကပ်ယာဥ်များ မှာ တစ်နာရီလျှင်(၆၀)ကီလိုမီတာ နှုန်းအောက်၌သာ မောင်းနှင်ကြရန် အသိပေး ထုတ်ပြန်ထားသည်။