Myanmar Transparency News

ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထား ဘဲလင်းဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား ဖြတ်သန်းစဉ် ခဲဖြင့်ပစ်ပေါက်ခံရမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား စဉ့်ကိုင်မြို့နယ်တွင် ဖမ်းဆီးရမိ

၂၄.၁၁.၂၀၂၆
Written by Linn Eain

ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားသည် နိုဝင်ဘာ ၂၀ ရက်က ဘဲလင်းဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား ဖြတ်သန်းစဉ် ခဲဖြင့်ပစ်ပေါက်ခံရမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား နှစ်ရက်အကြာတွင် စဉ့်ကိုင်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီ ၃၂ မိနစ်တွင် ခေတ်မီလေအေးပေးစက်ပါ အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားသည် ယင်းနေ့ ညနေ ၃ နာရီ ၃၂ မိနစ်တွင်  ဘဲလင်းဘူတာမှ ထွက်ခွာလာပြီး ဘဲလင်းဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား မိုင်တိုင်၊ ၃၆၈/၁၉ နှင့် မိုင်တိုင် ၃၆၈/၂၀ အတွင်း ညနေ ၃ နာရီ မိနစ် ၄၀ ရထားဖြတ်သန်းစဉ် ရထားသံလမ်း၏ အနောက်ဘက်မှ ရထားအားခဲဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် DEMU လူစီးအမြန်ရထားတွဲဆိုင်းပါ စက်ခေါင်းနောက် သုံးတွဲမြောက်အထက်တန်းတွဲ၏ ခုံ အမှတ် 9 A,B နှင့် 10 A,B အကြား ပြတင်းတံခါး ဘေးလေကာမှန်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့ရာ စဉ့်ကိုင်ဘူတာသို့ ညနေ ၃ နာရီ ၄၁ မိနစ်တွင် ရောက်ရှိ၍ ရထားအားရပ်တန့်စစ်ဆေးခဲ့သည်။

ယင်းနောက် ညနေ ၄ နာရီ ၅ မိနစ်တွင် ဆက်လက်ထွက်ခွာခဲ့သဖြင့် ရထားကြန့်ကြာမှု ၂၄ မိနစ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိကြောင်း၊ အခင်းဖြစ်ပွားရာသို့ ရထားလိုက် လုံခြုံရေးရဲ ရဲတပ်ကြပ်ဦးစီး ခြောက်ဦး၊ စဉ့်ကိုင်ရုံပိုင်နှင့် စဉ့်ကိုင်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ဦးစီးသုံးဦးတို့သည် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရောက်ရှိစစ်ဆေးခဲ့သည်။
 
ဆက်လက်၍ ကျူးလွန်သူအား ဖမ်းဆီးရမိရေး စဉ့်ကိုင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ရထားအား ခဲဖြင့်ပစ်ပေါက်ခဲ့သူ စဉ့်ကိုင်မြို့နယ် မြို့သစ်ရပ်ကွက်နေ ဦးသန်းဇော်အသက် (၅၈) နှစ်၊  (ဘ) ဦးမြိုင်အား ဖမ်းဆီးရမိသဖြင့် စဉ့်ကိုင်မြို့မရဲစခန်း၌ (ပ)၇၅/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ (၈၄) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာ့မီးရထားအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိ မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ပြီး ဖမ်းဆီးရမိသော တရားခံများကို ဥပဒေနှင့်အညီ ထောင်ဒဏ်များ အသီးသီးချမှတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News