Kanbawza Tai News

ထောင်ကျနေသည့် ပီတာဘားဆိုင်ပိုင်ရှင် သေဆုံး

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

ဆိုင်ဝန်ထမ်း မိန်းကလေးငယ်အား ရိုက်နှက်-တ်ခဲ့သည့် ပီတာဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာသည် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) တွင် အကျဉ်းကျခံနေစဉ် နိုဝင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပီတာဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် ပြီးခဲ့သည့် မေလ ၄ ရက်၊ ညပိုင်းက ၎င်းဆိုင်ရှိ အသက် ၁၆ နှစ်အရွယ် ဝန်ထမ်းမိန်းကလေးငယ်ကို စားသောက်ဆိုင်အတွင်း လာရောက် စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုး ပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှု မရှိခြင်းကြောင့်ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးငယ်သေဆုံးစေမှုနှင့် ပတ်သက်၍ အောင်မျိုးသူ (ခ) ပီတာာကို တောင်ကြီးခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အပါအဝင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခဲ့ပြီး ညောင်ရွှေအကျဉ်းထောင် ( တောင်လေးလုံးထောင် ) ၌ ပြစ်ဒဏ်ကျခံနေခြင်း ဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ်ကျခံနေသူ အောင်မျိုးသူ (ခ) ပီတာသည် နိုဝင်ဘာလ ၂၂ ရက်က နှလုံးသွေးကြောပိတ် ဝေဒနာ ခံစားရပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ (အောင်မျိုးသူ) က နိုဝင်ဘာ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ ဆေးရုံကို ရောက်လာတာပါ။ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်အရတော့ နှလုံးသွေးကြောကျဉ်းပြီးတော့ ပိတ်တာလို့ တွေ့ရပါတယ်။ သွေးတိုးလည်းရှိတယ်။ တခြားဒဏ်ရာတော့ မရှိပါဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ အောင်မျိုးသူ (ခ) ပီတာ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီးနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News