
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းမကြီးတွင် သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး စက်ဘီးနင်းရင်း သတိမေ့လဲကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၂၄ရက်) ၊ နေ့လည် (၁၂) နာရီဝန်းကျင်ခန့်က ပင်လုံလမ်းမကြီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
“ဖြစ်စဉ်ကတော့ မြောက်ဒဂုံပင်လုံလမ်းမကြီး၊ ပေါ်ဦးအကြော်ဆိုင်ရှေ့ ကားလမ်းမပေါ်မှာ ဖြစ်သွားတာ။ ဈေးဝယ်ရင်းလမ်းလျှောက်လာတဲ့အချိန်မှာ “ဘုန်း” ဆိုပြီး အသံကြားလိုက်လို့ လှမ်းကြည့်လိုက်တဲ့အချိန်မှာ စက်ဘီးနဲ့ ပစ်လဲတာ။ ပစ်လဲတော့ မှောက်လျက်ကြီး မျက်နှာတခြမ်းလုံးလည်း စုတ်ပြတ်၊ ဒူးတွေရော၊ လက်တွေရော စုတ်ပြတ်ပြီးတော့ သတိမရတော့ဘူး။ အချိန်က (၁၂) နာရီ ပတ်လည်လောက်။ ကြည့်ရသလောက်တော့ သွေးတိုးရှိမယ်ထင်တယ်။ အပူရှပ်တာပဲဖြစ်မယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်ကို ပင်လုံလမ်းမကြီးပေါ် ဖြတ်သွားသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (မြောက်ဒဂုံရုံးခွဲ) မှ ဝင်ရောက်ကူညီပေးခဲ့ကာ ဆေးကုသရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံကြက်ခြေနီအသင်းပေါ့ မြောက်ဒဂုံရုံးခွဲကနေပြီးတော့ လမ်းမကြီးပေါ်ကနေ ဖြတ်သွားတဲ့အချိန်မှာ သူတို့က ဝင်ကူညီပေးတာ။ အနီးစပ်ဆုံး သိရသလောက်ဆိုရင် မြောက်ဥက္ကလာဆေးရုံကို ပို့မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ လဲကျသူအမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ခန့်ဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးကြောင်း ၎င်းက ပြောသည်။
“အသက်ကတော့ (၅၀) ပတ်လည်လောက်ရှိမယ်။ ဘယ်သူဆိုတာတော့ မသိရသေးဘူး။ သူ့ဆီမှာ ဖုန်းလည်းမပါဘူး။ မှတ်ပုံတင်တို့၊ ယာဉ်မောင်းလိုင်စင်တို့ ဘာမှမပါဘူး။ အနီးအနားကပဲဖြစ်ဖို့များတယ်” ဟု ၎င်းက ပြောသည်။