Myanmar National Post

ပခုက္ကူမြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲ ကျင်းပ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများပြား








ပခုက္ကူ နိုဝင်ဘာ ၂၄

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြဧရာ(၁)ခန်းမ၌ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာပွဲ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)မှ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအရိယဝံသ(အဂ္ဂမဟာပဏ္ဍိတ)၊မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့တိုက်)နှင့်သာသနာ့ ဝိပုလာရာမပါဠိတက္ကသိုလ်(အနောက်တိုက်)တို့မှ ဆရာတော်ကြီးများနှင့်သံဃာတော်အရှင်သူမြတ်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ပခုက္ကူပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက်  ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်ဝန်ထမ်း များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့်အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက် ကပ်လှူဒါန်းခြင်းများဆောင်ရွက်ကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှဝေကြသည်။

အလားတူ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ၁၃၈၈ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့(တန်ဆောင်တိုင်ပွဲတော်) နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများ အနေဖြင့် ပခုက္ကူမြို့ရှိ သမိုင်းဝင်ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားပုထိုးစေတီများဖြစ်သည့် သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးများ၌ ဘုရား၊စေတီတော်ရင်ပြင်များတစ်လျှောက် အဘိဓမ္မာဒေသနာတော်ရွတ်ဖတ်ပူဇော်သူများ၊ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရားပန်းများလဲ လှယ်ခြင်း၊ ဆွမ်းသစ်သီးဆက်ကပ်လှူဒါန်းခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝန်းအတွင်းရောင်းချသည့် မုန့်ပဲသရေစာများ ဝယ်ယူ စားသောက်အပန်းဖြေခြင်း၊ စာသင်တိုက်များနှင့်ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ်သီလ တရားနာယူခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများပြားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#Myanmar #News


မူရင်းသတင်း — Myanmar National Post