
စော(NP News)-နိုဝင်ဘာ ၂၄
တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်သူများနှင့် ကောက်ယူသူများဖြင့် လမ်းများပေါ်တွင် စည်ကားလေ့ရှိ၍ ကားပေါ်မှ ပံ့တကူပစ်ရာတွင် ယာဉ်တိုက်မှုမဖြစ်စေရေး သတိပြုရန်လိုကြောင်း ပရဟိတအသင်းများက အသိပေးမှုများရှိနေကြောင်း တွေ့ရသည်။
“ရှေ့ကားကနေ ပစ်တဲ့ဟာတွေ၊ နောက်က ကားက ဝင်ပြီးတော့ Accident ဖြစ်မှာဆိုးလို့ပါ။ နှစ်စဉ်က ဖြစ်နေကြဆိုတော့လေ။ များသောအားဖြင့်ကတော့လူငယ်တွေများတာပေါ့။ ရှေ့က ပံ့သကူကျဲသွားတယ်။ နောက်က လူအုပ်ကကောက်လိုက်တယ်။ ကောက်လိုက်တဲ့အချိန်မှာ တစ်ချို့ကလည်း ရလိုက်တာရှိတယ်။ မရလိုက်တာရှိတယ်။ တစ်ချို့က သတိလက်လွတ်သွားတာ ရှိတယ်။ နောက်ကလာတဲ့ယာဉ်နဲ့ သတိလွတ်သွားတဲ့လူနဲ့အန္တရာယ်ဖြစ်မှာစိုးရိမ်တယ်။ နောက်ကားကလည်း ရှေ့ကားက ပံ့သကူကျဲတယ်ဆိုရင် ခဏစောင့်ပေးဖို့လိုတယ်။ အလောမကြီးဖို့လိုတယ်”ဟု UMG Rescue Team မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်၊ နိုဝင်ဘာ (၄)ရက်တွင် ရန်ကုန်နှင့်နေပြည်တော်၌ ပံ့သကူကောက်ရာတွင် ထိခိုက်ဒဏ်ရာရသူ (၁၀) ယောက်ထက်မနည်း ရှိခဲ့ပြီး ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်ကလည်း ရန်ကုန်မြို့၌ ပံ့သကူကောက်ရာတွင် ယာဉ်တိုက်မှုကြောင့် (၉)ဦးသေဆုံးခဲ့ကာ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အပျော်ကနေအပျက်မဖြစ်စေချင်ပါဘူး။ ကားမောင်းတဲ့လူတွေကလည်း ဒီညမှာတော့သတိထားပြီးမောင်းစေချင်ပါတယ်။ ပံ့သကူပစ်တဲ့အခါမှာလည်း ကောက်တဲ့လူတွေဘေးကင်းလုံခြုံရေးအတွက် စဉ်းစားပေးစေချင်တယ်။နှစ်ဦးနှစ်ဖက် လုံခြုံရေးအတွက် အာရုံစိုက်စေချင်တာပါ”ဟု သာကေတမြို့နယ်တွင် နေထိုင်သူသက်လတ်ပိုင်းလူငယ်တစ်ဦးက ပြောသည်။