Myanmar Digital News

နိုင်ငံတော်၏ဂုဏ်သိက္ခာထိန်းသိမ်း ပြည်သူလူထု၏ဆန္ဒအလေးထား

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံထုတ်ပြန်ချက် (၅) ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံနိုင်ငံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အသိအမှတ်ပြုကြိုဆိုကြောင်း ဖော်ပြချက်အချို့ကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း အစည်းအဝေး၏ကြေညာချက်နှင့် အကြံပြုတိုက်တွန်းချက်များသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များအပေါ် ထင်ဟပ်မှုမရှိသည့်အပြင် တရားမျှတမှုမရှိကြောင်း စိတ်မကောင်းဖွယ်တွေ့ရသည်။

 

အာဆီယံနိုင်ငံများ၏ အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်သည် အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် အပြန်အလှန်ဆက်နွှယ်မှုရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကိုမထိခိုက်စေဘဲ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများအပေါ်မူတည်၍ အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည်။ အာဆီယံသည် မြန်မာနိုင်ငံအပေါ် တူညီဆန္ဒမရှိသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ်လျက်ရှိသည့် ပြည်တွင်းသောင်းကျန်းမှုများ အလုံးစုံချုပ်ငြိမ်းစေရန် နိုင်ငံတော်အစိုးရအဆက်ဆက်က နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ပါဝင်ရန် သက်ဆိုင်သူအားလုံးကို အကြိမ်ကြိမ်ဖိတ်ခေါ်ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်လက်နက်ကိုင်များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ အကြမ်းဖက်အဖွဲ့ဝင်စုစုပေါင်း ၅၈၇၁ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုပေါင်း ၃၈ ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများသာရှိပြီး နိုင်ငံရေးအကျဉ်းသားများမရှိပါ။ နိုင်ငံတော်တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုရှေးရှု၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသားစုစုပေါင်း ထောင်သောင်းချီ၍ ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် လိုအပ်သည့်တုံ့ပြန်မှုများကို ပြည်တွင်းဥပဒေများ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အနည်းဆုံးအင်အားဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ခြင်းသာရှိသည်။

 

လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးတွင် မြန်မာနိုင်ငံသည် အာဆီယံအဟာစင်တာ (AHA Centre) နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ငါးနှစ်တာကာလအတွင်း အဟာစင်တာမှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၁၂၅ သန်းကျော်ပေးအပ်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်ကျခံသုံးစွဲခဲ့သည်။ အဟာစင်တာမှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေးကို လုံခြုံရေးအရခွင့်ပြုနိုင်သည့်ဒေသများတွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

သို့ရာတွင် စည်းမျဉ်းကိုအခြေခံသည့် အာဆီယံသည် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံလျက်ရှိပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ အထူးသဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှရှိမှု၊ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်မှုနှင့်တူညီဆန္ဒဖြင့် ဆုံးဖြတ်မှုတို့ကို လေးစားလိုက်နာခြင်းမရှိသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ သဘောထားအမြင်များ၊ အကြံပြုချက်များနှင့်ရပ်တည်ချက်များကို အကြိမ်ကြိမ်လျစ်လျူရှုခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှခံစားရရှိမည့် တန်းတူအခွင့်အရေးများနှင့် အပြည့်အဝကိုယ်စားပြုခွင့်များကို ဆက်လက်ငြင်းပယ်ခဲ့ရာ ထိုသို့သော ဆောင်ရွက်ချက်များသည် အာဆီယံအသိုက်အဝန်း၏ အခြေခံအုတ်မြစ်ဖြစ်သော အားလုံးပါဝင်ရေး၊ တန်းတူညီမျှမှုရှိရေး၊ အပြန်အလှန်လေးစားရေးနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ချက်ချမှတ်ရေးတို့နှင့် ဆန့်ကျင်နေရုံသာမက အာဆီယံပဋိညာဉ်စာတမ်းနှင့် အာဆီယံ၏ စံနှုန်းကျင့်ဝတ်များအား တစ်သမတ်တည်း အကောင်အထည်ဖော်မှုအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့သည်။ အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများအားလိုက်နာရန် ဆက်လက်ပျက်ကွက်နေမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒသဘောထားများအရ အခြေခံမူများကို လေးစားလိုက်နာရန် အခက်အခဲရှိမည် ဖြစ်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News