
Pika (NP News) - နိုဝင်ဘာ ၂၅
ဆွစ်ဇာလန်နိုင်ငံရဲ့ သံတမန်ရေးရာကိုယ်စားလှယ်ကို အချိန်(၄၈)နာရီအတွင်း နိုင်ငံတွင်းကနေထွက်သွားဖို့နဲ့ ၎င်းတို့ရဲ့ရုံးခန်းကိုပိတ်သိမ်းပစ်ဖို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့တယ်လို့သိရပါတယ်။
ဆွစ်ဇာလန်ရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး မကြာသေးခင်ကမှဖွင့်လှစ်ထားတဲ့ သံတမန်ရေးရာကိုယ်စားလှယ်ရုံးကိုပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားအစိုးရက ခြိမ်းခြောက်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလိုအမိန့်ပေးမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုတွေလုပ်ဆောင်နေဆဲဖြစ်တဲ့ အနာက်အုပ်စုနိုင်ငံအနည်းငယ်ထဲကတစ်နိုင်ငံလည်းဖြစ်ပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင် သီတင်းပတ်အနည်းငယ်က ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး အစ်ဂ်နာဇီယိုကတ်ဆစ်က မြောက်ကိုရီးယားကိုသွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်စေဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒါပေမဲ့လည်း ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေကနေ ခေါ်ဆောင်လာတဲ့ယူကရိန်းကလေးငယ်တွေကို ရုရှားလိုလားတဲ့အတွေးအခေါ်တွေ ရိုက်သွင်းရာမှာကူညီပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဝန်ဆန်မြို့က ကလေးသူငယ်စခန်းတစ်ခုကို ဆွစ်ဇာလန်က ပိတ်ဆို့အရေးယူမှုစာရင်းမှာထည့်သွင်းလိုက်ပြီးနောက် မြောက်ကိုရီးယားဘက်က ဒေါသပုန်ထမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ(KCNA)က”မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွစ်ဇာလန်သံတမန်ရေးရာရုံးရဲ့အကြီးအကဲကို မလိုလားအပ်သူအဖြစ်ကြေညာခဲ့ပြီး နိုင်ငံတွင်းကနေ အချိန်(၄၈)နာရီအတွင်းထွက်ခွါသွားဖို့ တိုက်တွန်းလိုက်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဥရောပရေးရာဌာနညွှန်ကြားရေးမှူးချုပ် ပက်ဟွန်ဆုက ဆွစ်ဇာလန်သံတမန်ရေးရာကိုယ်စားလှယ်ဆီလ်ဗန်အက်စတီယာကို ဆင့်ခေါ်ခဲ့ပြီး ရုံးခန်းကိုပိတ်သိမ်းဖို့ တိုက်တွန်းထားတဲ့ မှတ်တမ်းလွှာစာတစ်စောင်ကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။