Eleven Media Group

■ ဆွစ်ဇာလန်၏ပိတ်ဆို့မှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားက ဆွစ်ဇာလန်သံတမန်ရုံး၏အကြီးအကဲကို နိုင်ငံမှနှင်ထုတ်

မြောက်ကိုရီးယားက ဆွစ်ဇာလန်၏ပိတ်ဆို့မှုများနှင့်ပတ်သက်၍ အသစ်ဖွင့်ထားသော သံတမန်ရုံးကို ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဆွစ်ဇာလန်၏ သံတမန် ကိုယ်စားလှယ် ၄၈ နာရီအတွင်း ထွက်ခွာသွားရန်နှင့် သံတမန်ရုံးကို ပိတ်ရန် မြောက်ကိုရီးယားက နိုင်ငံခြားရေးဝန်ကြီး ဌာနက ညွှန်ကြားခဲ့သည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်သည် မြောက်ကိုရီးယားနှင့် အပြန်အလှန် ဆွေးနွေးမှုများကို ထိန်းထားသည့် အနောက်နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး အစ်နာဇီယိုကက်ဆစ် မြောက်ကိုရီးယားကို လာခဲ့ပြီး ပုံမှန်ဆက်ဆံရေးများကို ဖော်ဆောင်ရန် ဆွေးနွေးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာန၏အထက်ပါညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် ရုရှားသိမ်းပိုက်ထားသော နယ်မြေများမှ ခေါ်ဆောင်လာသည့် ယူကရိန်းကလေးများကို အယူဝါဒသွတ်သွင်းရာတွင် အကူအညီပေးနေသည်ဟုဆိုကာ ဝမ်ဆန်မြို့ရှိ ကလေးများထားရှိရာ စခန်းကို ဆွစ်ဇာလန်က ပိတ်ဆို့ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းကြောင့် မြောက်ကိုရီးယားသည် ဆွစ်ဇာလန်ကို ဒေါသထွက်ခဲ့သည်။

"မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဆွစ်သံတမန်ရုံးရဲ့အကြီးအကဲကို သံတမန်အဖြစ် မလိုလားဘူးလို့ကြေညာပါတယ်။ ဒါကြောင့် ၄၈ နာရီအတွင်း နိုင်ငံမှထွက်သွားဖို့ သူ့ကို တိုက်တွန်းပါတယ်"ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ဥရောပဌာန အထွေထွေညွှန်ကြားရေးမှူး ပတ်ဟွန်ဆူးက သံတမန်ရုံးအကြီးအကဲ ဆဲလ်ဗိန်းအက်စတီးယားကို ဆင့်ခေါ်ခဲ့ပြီး သံတမန်ရုံးပိတ်ရန် တိုက်တွန်းထားသော မြောက်ကိုရီးယား၏စာချွန်လွှာကို ပေးအပ်ခဲ့သည်ဟု KCNA က ဆက်လက် ဖော်ပြထားသည်။

တရုတ်နှင့် ရုရှားကျောင်းသားများ တက်နေသော Songdowon International Children's Camp ကို ပိတ်ဆို့မှုချမှတ်သည့် ဆွစ်အာဏာပိုင်များ၏ရိုင်းစိုင်းသောလုပ်ရပ်နှင့်စပ်လျဉ်း၍အက်စတီးယား မြောက်ကိုရီးယားမှ ထွက်ခွာသွားရန် လိုအပ်ကြောင်း KCNA ဖော်ပြခဲ့သည်။

■ Ref:AFP

မူရင်းသတင်း — Eleven Media Group