MyTech Myanmar

ရုရှားက နျူကလီးယားလက်နက်တင် ဂြိုဟ်တုကို ဒီဇင်ဘာလမှာ လွှတ်တင်နိုင်တယ်လို့ ဂျာမန်ထောက်လှမ်းရေး သတိပေး

ရုရှားနိုင်ငံဟာ နျူကလီးယားလက်နက် သယ်ဆောင်ထားတဲ့ ဂြိုဟ်တုတစ်စင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအတွင်း အစောဆုံးထားပြီး အာကာသထဲ လွှတ်တင်နိုင်တယ်လို့ ဂျာမန်ထောက်လှမ်းရေး အရာရှိတွေက သတိပေးလိုက်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်က ဂျာမန်မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအရ Sputnik-S လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တည်ဆောက်ခဲ့ပြီး မော်စကိုဒေသမှာ သိမ်းဆည်းထားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံအချို့ကလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တင်မှု ဖြစ်ပေါ်နိုင်ကြောင်း နိုဝင်ဘာလအစောပိုင်းမှာ သတိပေးချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဂျာမနီ စစ်ဘက်ဆိုင်ရာ အာကာသကွပ်ကဲမှုဌာနချုပ်က ဒီဇင်ဘာလကို ဖြစ်နိုင်ခြေရှိတဲ့ လွှတ်တင်မယ့်ရက်အဖြစ် သတ်မှတ်ထားပေမယ့် ရုရှားဘက်က လွှတ်တင်ဖို့ ဆုံးဖြတ်ပြီးပြီလား ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ အမေရိကန် ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီကလည်း ရုရှားဟာ နျူကလီးယားလက်နက် သယ်ဆောင်နိုင်မယ့် ဂြိုဟ်တုတစ်စင်းကို တီထွင်နေတယ်လို့ သတိပေးထားပါတယ်။ အကယ်၍ အာကာသထဲမှာ နျူကလီးယား ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရင် GPS၊ ဆက်သွယ်ရေး၊ မိုးလေဝသခန့်မှန်းရေးနဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ ဂြိုဟ်တု ထောင်နဲ့ချီ ပျက်စီးနိုင်ပြီး ဓာတ်ရောင်ခြည်သင့်မှုကြောင့်လည်း နှစ်နဲ့ချီပြီး ဆက်လက်ထိခိုက်နိုင်ပါတယ်။

 

ရုရှားဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဘာလင်မြို့မှာရှိတဲ့ ရုရှားသံရုံးက အဲဒီသတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ပြောကြားထားပါတယ်။ ၁၉၆၇ ခုနှစ် အာကာသဆိုင်ရာ သဘောတူစာချုပ် (Outer Space Treaty) အရ နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ပတ်လမ်းကြောင်းထဲမှာ နျူကလီးယားလက်နက်တွေ ထားရှိခွင့်ကို တားမြစ်ထားပါတယ်။

 

Ref  :Technology Innovation

မူရင်းသတင်း — MyTech Myanmar