သက်တံ့
၂၅. ၁၁. ၂၀၂၆
ရုရှားနှင့် ဆက်နွှယ်နေသည့် ကလေးသူငယ် စခန်းတစ်ခုအပေါ် ဆွစ်ဇာလန်နိုင်ငံက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ပြုံယမ်းမြို့တွင် အသစ်ဖွင့်လှစ်ထားသော ဆွစ်ဇာလန် သံတမန်ရုံးခွဲကို ပိတ်သိမ်းရန်နှင့် အကြီးတန်းသံတမန်အား ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် မြောက်ကိုရီးယားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။
ယမန်နေ့ (အင်္ဂါနေ့)က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက မြောက်ကိုရီးယား အရှေ့ပိုင်းရှိ စခန်းတစ်ခုအပေါ် ဆွစ်ဇာလန်၏ ပိတ်ဆို့အရေးယူမှုကို ရှုတ်ချခဲ့ပြီး သံရုံးခွဲကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့အပြီး ထိုသို့ နှင်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။ ပိတ်ဆို့ခံရသောစခန်းသည် ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများမှ ကလေးငယ်များကို လွှဲပြောင်းခေါ်ဆောင်ရာတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရကြောင်း Associated Press (AP) သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်လက ပြုံယမ်းမြို့တွင် ဖွင့်လှစ်ခဲ့သော ဆွစ်ဇာလန် သံတမန်ရုံးခွဲ အကြီးအကဲ Astier Sylvain အား နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဆင့်ခေါ်ခဲ့ပြီး ဆောင်ဒိုဝန် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်စခန်း (Songdowon International Children’s Camp) အပေါ် ဆွစ်ဇာလန်၏ ပိတ်ဆို့အရေးယူမှုကို ကန့်ကွက်သည့်အနေဖြင့် ရုံးပိတ်သိမ်းရန်နှင့် နိုင်ငံမှထွက်ခွာရန် အကြောင်းကြားစာ ပေးအပ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ထုတ်ပြန်သည်။ ဝန်ကြီးဌာနက Sylvain အား နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့် မပြုသည့် မနှစ်မြို့ဖွယ်ပုဂ္ဂိုလ် (Persona non grata) အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒ အရာရှိတစ်ဦးဖြစ်သူ ကင်မ်ယိုဂျုံက ဆွစ်ဇာလန်၏ ပိတ်ဆို့အရေးယူမှုများသည် “ဗြောင်ကျသော ရန်လိုသည့်လုပ်ရပ်” ဖြစ်ပြီး မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါစခန်းသည် မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား “တရားဝင်” ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးနေခြင်းသာ ဖြစ်သည်ဟု သူမက အခိုင်အမာ ပြောကြားခဲ့သည်။
ဆွေးနွေးမှု လမ်းကြောင်းများ ဆက်လက်ဖွင့်ထားလိုကြောင်း ဆွစ်ဇာလန် ပြောကြား
နိုင်ငံရေးသဘောထား ကွဲလွဲမှုများ ရှိနေသော်လည်း ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းများကို ဆက်လက်ဖွင့်လှစ်ထားလိုကြောင်း ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်ဟု Euronews သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ဆက်စပ်သော ကုလသမဂ္ဂ၏ အရေးယူမှုများ သို့မဟုတ် ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် ဆွစ်ဇာလန်က လိုက်နာကျင့်သုံးနေသည့် ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုများ မည်သို့ပင်ရှိစေကာမူ သံတမန်ရုံးခွဲ ပြန်လည်ဖွင့်လှစ်ခြင်းသည် ၎င်းတို့၏ ပိတ်ဆို့အရေးယူမှု မူဝါဒနှင့် သီးခြားစီသာဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
အဆိုပါ သံတမန်ရုံးခွဲကို နိုင်ငံခြားရေးဝန်ကြီး Ignazio Cassis ပြုံယမ်းမြို့သို့ သွားရောက်၍ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui နှင့် တွေ့ဆုံခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း Euronews က ဖော်ပြသည်။ ယင်းဆွေးနွေးပွဲတွင် “ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး” ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း KCNA က ဆိုသည်။
၁၉၇၄ ခုနှစ်ကတည်းက စခဲ့သော ဆွစ်ဇာလန်-မြောက်ကိုရီးယား ဆက်ဆံရေး
ဆွစ်ဇာလန်နှင့် မြောက်ကိုရီးယားတို့သည် ၁၉၇၄ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး ထူထောင်ထားခဲ့ကြပြီး ဆွစ်ဇာလန်သည် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုလမ်းကြောင်း ဆက်လက်ထိန်းသိမ်းထားသည့် အနောက်အုပ်စုနိုင်ငံ အနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သည်။
ဆွစ်ဇာလန်သည် ၁၉၉၇ ခုနှစ်မှစ၍ ပြုံယမ်းမြို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဓိကထား လုပ်ဆောင်သည့် ပူးပေါင်းဆောင်ရွက်ရေးရုံးကို ဖွင့်လှစ်ထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြောက်ကိုရီးယားက နယ်စပ်များ ပိတ်လိုက်ပြီးနောက် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ယင်းရုံးကို ပိတ်သိမ်းခဲ့ရသည်။
ကလေးသူငယ်စခန်းအား ပိတ်ဆို့အရေးယူခြင်း
မကြာသေးမီက ဆွစ်ဇာလန်နိုင်ငံသည် ရုရှား-ယူကရိန်း စစ်ပွဲနှင့် ပတ်သက်၍ မြောက်ကိုရီးယား ကမ်းရိုးတန်းမြို့ ဝန်ဆန် (Wonsan) ရှိ ဆောင်ဒိုဝန် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်စခန်းကို ၎င်း၏ ပိတ်ဆို့အရေးယူမှု စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။
ဆွစ်ဇာလန် အာဏာပိုင်များ၏ အဆိုအရ အဆိုပါစခန်းသည် ရုရှားသိမ်းပိုက်ထားသော နယ်မြေများမှ ယူကရိန်းကလေးငယ်များကို မြောက်ကိုရီးယားသို့ ခေါ်ဆောင်ကာ အတွေးအခေါ် ပြန်လည်ရိုက်သွင်း သင်ကြားပေးနေသည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါစခန်းကို ဆွစ်ဇာလန်က မေလတွင်လည်းကောင်း၊ ဥရောပသမဂ္ဂ (EU) က စက်တင်ဘာလတွင်လည်းကောင်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ငွေကြေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများကို ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားသည် ဥရောပနှင့် ငွေကြေးဆိုင်ရာ အဆက်အသွယ် အကန့်အသတ်သာ ရှိနေသည့်အတွက် အဆိုပါ အရေးယူမှုများ၏ လက်တွေ့အကျိုးသက်ရောက်မှုမှာ မသေချာလှပေ။
မြောက်ကိုရီးယားသည် စစ်ပွဲကာလအတွင်း ရုရှားနှင့် စဉ်ဆက်မပြတ် မဟာမိတ်ပြုခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းစစ်ပွဲကို ပံ့ပိုးရန် လက်နက်ခဲယမ်း အမြောက်အမြား ထောက်ပံ့ပေးလျက်ရှိသည်။
Ref: Indian Express