NP News

မြစ်ရေအဆိပ်သင့်မှုကြောင့် မြန်မာနိုင်ငံရှိ သတ္တုတွင်းများ ရပ်ဆိုင်းရေး ကူညီပေးရန် တရုတ်နိုင်ငံကို ထိုင်းအစိုးရ တောင်းဆို

ALynn (NP News)- နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ နယ်စပ်ဖြတ်ကျော် စီးဆင်းလာသည့် မြစ်ရေများအတွင်း အာဆင်းနစ် အဆိပ်သင့်မှုကိုဟန့်တားနိုင်ရန်အတွက် အဆိုပါဒေသရှိ သတ္တုတွင်းများကို အနည်းဆုံး (၆) လခန့် ယာယီပိတ်သိမ်းရေး ကူညီဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ကြောင်း BLOOMBERG သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နိုဝင်ဘာ (၂၄) ရက်က ပြုလုပ်ခဲ့သည့် ထိုင်း၊ တရုတ်နှင့် မြန်မာ သုံးနိုင်ငံ ဆွေးနွေးပွဲအတွင်း ထိုင်းနိုင်ငံဘက်က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတွင်းအချို့ကို တရုတ်ကုမ္ပဏီများက လုပ်ကိုင်နေပြီး ထွက်ရှိလာသည့် သတ္တုအများစုကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းကြောင့် ပေကျင်းအစိုးရအနေဖြင့် ကြားဝင်ကူညီပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်နှင့် သိပ္ပံနှင့် သုတေသနဝန်ကြီး ယော့ချာနန် ဝေါင်ဆာဝပ်တို့က ဆိုသည်။

အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်က သီးခြားထုတ်ပြန်ချက်မရှိသေးဘဲ (၆)လကြာ သတ္တုတွင်းပိတ်သိမ်းရေး အဆိုပြုချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘန်ကောက်မြို့ရှိ တရုတ်သံရုံးတို့က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။ သို့သော် တရုတ်ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်ပြီး ရေထုညစ်ညမ်းမှု တိုက်ဖျက်ရေးတွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်အစိုးရက နိုဝင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။
ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကော့မြစ် နှင့် ဆိုင်မြစ် တို့အတွင်း အာဆင်းနစ် အဆိပ်သင့်မှုဖြစ်ပေါ်စေသည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း သုံးနိုင်ငံကိုယ်စားလှယ်များက သဘောတူလက်ခံခဲ့ကြသည်ဟု ထိုင်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မြစ်ရေအတွင်း အာဆင်းနစ်ပါဝင်မှုနှုန်းသည် ထိုင်းနိုင်ငံ၏ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းထက် အဆ (၃၀) အထိ မြင့်တက်နေပြီး မြစ်အောက်ပိုင်းရှိ ဒေသခံပြည်သူများ၊ စိုက်ပျိုးမြေများနှင့် ရေပေးဝေရေး စနစ်များကို ခြိမ်းခြောက်လျက်ရှိသည်။
အဆိုပါဒေသတွင် ပုဂ္ဂလိက တရုတ်ကုမ္ပဏီများက သတ္တုတူးဖော်နေသည်ကို တရုတ်ဘက်က အသိအမှတ်ပြုခဲ့ကြောင်း ဝန်ကြီး သီဟာဆက်က ပြောသည်။ ထို့ပြင် တရားမဝင် သတ္တုတွင်းများကို ဖော်ထုတ်ရန်နှင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက်အတွင်း ဝင်ရောက်နေသည့်မြေရှားသတ္တုများ၏ ရင်းမြစ်ကို ခြေရာခံစစ်ဆေးပေးရန် ထိုင်းဘက်က တောင်းဆိုထားသည်။

“တရုတ်ကုမ္ပဏီတွေက ဒီမြေရှားသတ္တုတွေကို ကုန်ထုတ်လုပ်မှုမှာ သုံးစွဲပြီး တခြားနိုင်ငံခြားကုမ္ပဏီတွေက တရုတ်ထုတ်ကုန်တွေကို ပြန်သုံးမယ်ဆိုရင် ဒါဟာ ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိလာမှာပါ” ဟု ဝန်ကြီး ယော့ချာနန်က သတိပေးသည်။
တစ်ချိန်တည်းမှာပင် ထိုင်းအစိုးရသည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို ထိုင်းနိုင်ငံမှတစ်ဆင့် တင်ပို့ခြင်းနှင့် ဖြတ်သန်းသယ်ဆောင်ခြင်းတို့ကို ပိတ်ပင်ရန် စီစဉ်နေသည်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ စာရင်းများအရ မြန်မာနိုင်ငံသို့ တင်ပို့နေသည့် သတ္တုတူးဖော်ရေးသုံး ဓာတုပစ္စည်း စုစုပေါင်း၏ (၇၀) မှ (၈၀) ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံမှ တင်ပို့နေခြင်းဖြစ်သည်။

မူရင်းသတင်း — NP News