Myanmar Digital News

Extraordinary FIFA Congress 2026 သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်

ရန်ကုန်   နိုဝင်ဘာ   ၂၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ကြီးမှူးကျင်းပသည့် Extraor-dinary FIFA Congress 2026 ကို နိုဝင်ဘာ ၂၃ ရက် မြန်မာစံတော် ချိန် ည ၈ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ရာ ဖီဖာ CSR ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ  ဦးဇော်ဇော် တက်ရောက်သည်။

Extraordinary FIFA Congress 2026 သို့ ဖီဖာအဖွဲ့ဝင် ဘောလုံးအဖွဲ့ချုပ်  စုစုပေါင်း ၂၁၁ နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ယင်းကွန်ဂရက်တွင် ဖီဖာဥက္ကဋ္ဌ  ဂျီယာနီ  အင်ဖန်တီနိုက ညီလာခံအတွင်း  အဖွင့်မိန့်ခွန်းပြောကြားခြင်းနှင့် နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ညီလာခံ၏   အဓိကအစီအစဉ်အဖြစ်   ၂၀၃၁  ခုနှစ်   အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ (FIFA Women's World Cup 2031) နှင့် ၂၀၃၅ ခုနှစ် အမျိုးသမီး  ကမ္ဘာ့ဖလားပြိုင်ပွဲ (FIFA Women's World Cup 2035) နောက်ဆုံးအဆင့် ပြိုင်ပွဲများအတွက်  အိမ်ရှင်နိုင်ငံများ ရွေးချယ်အတည်ပြုခြင်း  ကိစ္စရပ် များကို ဆောင်ရွက်ခဲ့သည်။ အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ရပ်အနေဖြင့် ညီလာခံမှ ပူးတွဲအိမ်ရှင်လျှောက်ထားမှုများကို   ကန့်ကွက်သူမရှိ တညီတညွတ်တည်း  အတည်ပြုပေးခဲ့ရာ ၂၀၃၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို မြောက်အမေရိကနှင့် ကာရေဘီယံဒေသရှိ မက္ကဆီကို၊ အမေရိကန်၊ ဂျမေကာနှင့် ကော်စတာရီကာ လေးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ၂၀၃၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပတိုက်ရှိ ယူနိုက်တက်ကင်းဒမ်း(UK) နိုင်ငံများဖြစ်သော  အင်္ဂလန်၊ စကော့တလန်၊ ဝေလနှင့် မြောက်အိုင်ယာလန်တို့က  ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် အသီးသီးရရှိခဲ့သည်။

ထို့ပြင် လာမည့် (၇၇)ကြိမ်မြောက် ဖီဖာညီလာခံကို ၂၀၂၇ ခုနှစ် မတ် ၁၈ ရက်တွင် မော်ရိုကိုနိုင်ငံ ရာဘတ်မြို့၌ ကျင်းပမည့် အစီအစဉ်ကိုလည်း ညီလာခံအတွင်း ထည့်သွင်းအသိပေးခဲ့သည်။

ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - MFF

မူရင်းသတင်း — Myanmar Digital News