Myanmar Digital News

M-League II ပြိုင်ပွဲ ပွဲစဉ်(၇)တွင် ဇယားထိပ်ပိုင်းမှ အသင်းများ ထိပ်တိုက်တွေ့ဆုံ

ရန်ကုန်     နိုဝင်ဘာ     ၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာလိဂ်ကော်မတီတို့ကကြီးမှူး၍ Grand Royal ၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ်(၇)ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ အသင်းများ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ်(၇)အဖြစ် နိုဝင်ဘာ ၂၅ ရက် ပဒုမ္မာကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့်  မနောအသင်း၊ သန်လျင် သီဟဒီပကွင်း၌  တက္ကသိုလ်အသင်းနှင့် ရွိုင်ရယ်ဒဂုံအသင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ပဒုမ္မာကွင်း၌ Enjoy Brother အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် သီဟဒီပကွင်း၌ VUE နေပြည်တော်အသင်းနှင့် Junior Lions အသင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ပဒုမ္မာကွင်း၌ Elite Kings  အသင်းနှင့် Asia Lion  အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် ဒုတိယနေရာမှ တက္ကသိုလ်အသင်းနှင့် တတိယနေရာမှ ရွိုင်ရယ်ဒဂုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေပြီး  အဆင့်(၄) နေရာမှ  VUE နေပြည်တော်အသင်းနှင့်  အဆင့် (၅) နေရာမှ Junior  Lions    အသင်းတို့ တွေ့ဆုံမှုမှာလည်း ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်သည်။ ပွဲစဉ်(၆)တွင် ဇယားထိပ်ဆုံး  သုံးသင်းစလုံး နိုင်ပွဲပျောက်ဆုံးခဲ့သဖြင့် အဆင့် (၁ မှ ၆) အထိ ရပ်တည်နေသည့် အသင်း ခြောက်သင်းစလုံး ရမှတ်ကွာဟမှုအနည်းငယ်သာရှိပြီး ရာသီဝက်ချန်ပီယံဆုအတွက် ပထမအကျော့လက်ကျန်ပွဲ အားလုံး ပွဲကောင်းများ ဖြစ်လာနိုင်သည်။

ပွဲစဉ်(၆) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက ၁၅ မှတ်၊ တက္ကသိုလ်အသင်းက ၁၃ မှတ်၊ ရွိုင်ရယ်ဒဂုံအသင်းက ၁၂ မှတ်၊ VUE နေပြည်တော်အသင်းက ၁၁ မှတ်၊ Junior Lions အသင်းက ၁၀ မှတ်၊ ရာမညယူနိုက်တက်အသင်းက ကိုးမှတ်၊ မနောအသင်းက ငါးမှတ်၊ Asia  Lion  အသင်းနှင့်  Elite Kings အသင်းက လေးမှတ်စီရရှိထားပြီး Enjoy  Brother အသင်းမှာမူ  ခြောက်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။    

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MLeague

မူရင်းသတင်း — Myanmar Digital News