CLMV ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အပြင် မြန်မာနိုင်ငံနှင့် ပူးတွဲ၍ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို ကျင်းပသွားမည်ဟုပါ သိရ
သတိုး
၂၅. ၁၁. ၂၀၂၆
ဗီယက်နမ်နိုင်ငံသည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဟနွိုင်းမြို့၌ ၁၂ ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပူးတွဲ၍ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မဲခေါင်နိုင်ငံ ငါးနိုင်ငံမှ ခေါင်းဆောင်များကို စုစည်းပေးမည် ဖြစ်သည်ဟု VietnamNet Global က ဖော်ပြသည်။
ဗီယက်နမ်နှင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည်
၂၀၂၆ ခုနှစ်အတွက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် (CLMV) ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံသည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဟနွိုင်း၌ ၁၂ ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထို့အပြင် ဗီယက်နမ်နိုင်ငံသည် လက်ရှိ ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ဥက္ကဋ္ဌဖြစ်သော မြန်မာနိုင်ငံနှင့် ညှိနှိုင်းကာ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို စီစဉ်ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟန် (Le Minh Hung)၊ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၊ လာအိုဝန်ကြီးချုပ် ဆလမ်ဆေး ကွန်မာဆစ် (Saleumxay Kommasith)၊ ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်း (Kao Kim Hourn) တို့အပြင် ဒေသတွင်း မိတ်ဖက်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။
CLMV ချိတ်ဆက်မှုကို ခိုင်မာစေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ဖော်ထုတ်ခြင်း
၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော CLMV ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများ ပါဝင်သည်။
ယင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များကို ကျဉ်းမြောင်းစေရန်နှင့် CLMV နိုင်ငံများကို ဒေသတွင်း ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်အတွင်း ပေါင်းစည်းမှု မြန်ဆန်စေရန် ရည်ရွယ်သည်။
CLMV ပူးပေါင်းဆောင်ရွက်မှုသည် ဦးစားပေး နယ်ပယ် ရှစ်ခုကို အဓိကထား လုပ်ဆောင်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။
နိုင်ငံလေးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံအတွင်း စီးပွားရေး ပေါင်းစည်းမှု မြှင့်တင်ခြင်း၊ ချိတ်ဆက်မှု ခိုင်မာစေခြင်းနှင့် ဖွံ့ဖြိုးမှု ကွာဟချက်များကို ကျဉ်းမြောင်းစေခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ စာရင်းများအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း CLMV ၄ နိုင်ငံ၏ နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှဝင်ငွေ (GDP per capita) သည် နှစ်စဉ် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ရာ ၆ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည့် ကျန် အာဆီယံ-၆ နိုင်ငံထက် တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် CLMV လေးနိုင်ငံ၏ ကျန်ကမ္ဘာနှင့် စုပေါင်းကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ထရီလီယံခန့်အထိ ရောက်ရှိခဲ့ပြီး အာဆီယံ၏ စုစုပေါင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ ၂၀၂၄ ခုနှစ်က ၂၃ ရာခိုင်နှုန်းမှ အနည်းငယ် မြင့်တက်လာခဲ့သည်။
CLMV ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များထံမှလည်း ခိုင်မာသော ထောက်ခံမှုများ ရရှိခဲ့သည်။
Ref: VietnamNet Global