Myanmar Digital News

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ

ရန်ကုန်     နိုဝင်ဘာ     ၂၄

ဖူဆယ်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ဖူဆယ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ အားကစားနှင့် ကာယပညာဦးစီးဌာန  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ပြီး ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ်ရှိ  သုဝဏ္ဏဖူဆယ်ရုံ၌ ကျင်းပသည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို  ခြောက်ဂိုး  - သုံးဂိုးဖြင့်   လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်  လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို လေးဂိုး - သုံးဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို သုံးဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

နိုဝင်ဘာ  ၂၅ ရက် နံနက် ၈ နာရီခွဲမှ  စတင်ကာ ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ်ရှိ  သုဝဏ္ဏဖူဆယ်ရုံ၌   တိုင်းဒေသကြီးနှင့်  ပြည်နယ်  ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ်    ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်   မန္တလေးတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို  “အခမဲ့”  လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News