
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယေဆပ်စ်က ကျူးဘားနိုင်ငံအပေါ် အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုကို ချက်ချင်းရုပ်သိမ်းပေးဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အဲဒီပိတ်ဆို့မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။
ကျူးဘားနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း ဟာဗားနားမြို့က ကျန်းမာရေး စောင့်ရှောက်မှု ဌာနတချို့ကို သွားရောက်လေ့လာပြီးနောက် တက်ဒရို့စ်က လောင်စာဆီကန့်သတ်မှုနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပိုမိုပြင်းထန်လာတာဟာ ကျူးဘားပြည်သူတွေ၊ အထူးသဖြင့် ထိခိုက်လွယ် သူတွေကို တိုက်ရိုက်ထိခိုက်စေပြီး ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကျူးဘားနိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို အားဖြည့်ပေးဖို့နဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ လိုအပ် နေတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပံ့ပိုးပေးဖို့ WHO က အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း ကျူးဘားမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာ နေတယ်လို့ အကြိမ်ကြိမ် သတိပေးထားပြီး အမေရိကန်ရဲ့ လောင်စာဆီပိတ်ဆို့မှုဟာ နိုင်ငံတကာဥပဒေနဲ့ ကျူးဘားပြည်သူ အားလုံးရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ပြောဆိုထားပါတယ်။
ကျူးဘားအစိုးရရဲ့ ပြောကြားချက်အရ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နေ့စဉ် လျှပ်စစ်မီး ပြတ်တောက် ချိန် ၂၀ နာရီနဲ့အထက် ရှိလာသလို ဆေးဝါးနဲ့ ခွဲစိတ်ကုသရေးပစ္စည်းတွေ အကြီးအကျယ် ပြတ်လပ်နေပြီး ကလေးငယ် သေဆုံးနှုန်းလို ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်း တွေလည်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်ကတော့ စွမ်းအင်ပိတ်ဆို့မှုဟာ ကျူးဘားနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ် လာစေဖို့ ရည်ရွယ် တာဖြစ်တယ်လို့ ပြောဆိုထားပြီး အစားအသောက်နဲ့ ဆေးဝါးတင်ပို့မှုတွေကိုတော့ ဥပဒေအရ ခွင့်ပြုထားတယ်လို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ဇန်နဝါရီလကစပြီး ကျူးဘားအပေါ် ဖိအားတွေ တိုးမြှင့်ခဲ့တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ဟာ ကျူးဘားအပေါ် လောင်စာဆီပိတ်ဆို့မှု ချမှတ်ခဲ့သလို ကျူးဘားအရာရှိတွေနဲ့ နိုင်ငံပိုင်အဖွဲ့အစည်း အများအပြားကိုလည်း ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကျူးဘားအပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကို အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နှစ်စဉ်အဆိုပြုချက်ကို ၁၉၉၂ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ကျူးဘားဘက်က ထောက်ခံမဲအများစုနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။
Ref – Reuters