
ဂျန်ဇက်(NP News)-နိုဝင်ဘာ ၂၅
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စနေနေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံက ပြောကြားခဲ့သည်။
အဆိုပါ ခရီးစဉ်သည် ယခုနှစ်အတွင်း သမ္မတတာဝန်ယူပြီးနောက် ၎င်း၏ ပထမဆုံးသော နိုင်ငံစုံအစည်းအဝေး တက်ရောက်မှုလည်း ဖြစ်သည်။
ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် အိမ်ရှင်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်များလည်း ACMECS နှင့် CLMV ဟူသော ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားနှစ်ခုအောက်တွင် ကျင်းပမည့် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲများအပြီး ဧပြီလတွင် အရပ်သားသမ္မတအဖြစ် တင်မြှောက်ခံရပြီးနောက် အိမ်နီးချင်း ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများသို့ တရားဝင်ခရီးစဉ်များလှည့်လည်သွားရောက်ခဲ့သည်။
နိုဝင်ဘာ (၂၈) ရက်နေ့တွင်ကျင်းပမည့် ဟနွိုင်းဆွေးနွေးပွဲသို့ ASEAN အတွင်းရေးမှူးချုပ် ကောင်းကင်ဟွန်း နှင့်အတူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင် ၊ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟွန်းနှင့် လာအိုနိုင်ငံမှ ဆလောင်ဆိုင်း ကွန်မာဆစ်တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးချိတ်ဆက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ဖြစ်ပြီး အထူးသဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်မှုကွန်ရက်၊ ကုန်သွယ်ရေး၊ ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ပါဝင်မည်ဖြစ်သည်။
အဆိုပါအစည်းအဝေးများတွင် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေး နှင့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
(၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးဖြစ်ပြီး (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးသည် – ဧရာဝတီ၊ ချောင်ဖရာယာနှင့် မဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာဆိုင်ရာ အစည်းအဝေးဖြစ်ကြောင်းသိရသည်။
