Myanmar Transparency News

ရွှေဘုန်းပွင့်စေတီတော်ရှိ ဂြိုဟ်ရှစ်ဂြိုဟ်တိုင်ဘုရားဆင်းတုတော် ရေကုသိုလ်ယူနိုင်စေဖို့အတွက် မင်းသိင်္ခရဲ့ အမည်ကမ္ဗည်းထိုးပြီး ထာဝရရေကုသိုလ်အနေနဲ့ ရေစင်ရေတိုင်ကီအကြီးလှူဒါန်းခဲ့တဲ့ အဘတပည့်သားသမီးများ

၂၅.၁၁.၂၀၂၆
Written By Thandar

ဧကံသပွဲတော်ကြီးမှာ အဘမင်းသိင်္ခရဲ့ တပည့်သားသမီးတွေက ဘုန်းပွင့်စေတီတော်ရှိ ဂြိုဟ်ရှစ်ဂြိုဟ်တိုင်ဘုရားဆင်းတုတော် ရေကုသိုလ်ယူနိုင်စေဖို့အတွက် ရွှေမင်းသိင်္ခရဲ့ အမည်ကမ္ဗည်းထိုးကာ ထာဝရရေကုသိုလ်အနေနဲ့ ရေစင်ရေတိုင်ကီအကြီးကို လှူဒါန်းခဲ့ကြပါတယ်။

ဧကံသဗျာကရဏဗေဒပညာကို ပူဇော်ခြင်းနဲ့ အဘဆရာကြီး မင်းသိင်္ခကို တပည့်အပေါင်းက ပူဇော်ကန်တော့ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ ရွှေဘုန်းပွင့်စေတီတော်မြတ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“ဧကံသဆိုတာကတော့ ကျွန်တော်တို့ အမှန်တရားပါပဲ။ ဧကံ အမှန်တစ်ခုပဲရှိတယ် လောကကြီးမှာ ဘာကိုပဲလုပ်လုပ် သစ္စာတရားကို ယှဉ်ထားတယ်။ မေတ္တာတရားနဲ့ပြုလုပ်ရတဲ့ ပညာရပ်လေးဖြစ်တာပေါ့…ဒီပညာရပ်က အရမ်းလည်း ချစ်ဖို့ကောင်းသလို အဘမင်းသိင်္ခကိုယ်တိုင် မွေးထုတ်ထားတဲ့ ပညာရပ်ဖြစ်တာမို့ တစ်စွန်းတစ်စပဲသိသိ၊ အလုပ်လုံးပဲသိသိ နည်းနည်းလေးပဲသိသိ၊ သိတဲ့သူအကုန်လုံးက တန်ဖိုးရှိပါတယ်။ ဧကံသဗျာကရဏဗေဒပညာဆိုတာ တစ်ခွန်းတည်းတစ်လုံးတည်းမှန်တဲ့ စကားကိုခေါ်ဆိုတာပါ…မျိုးဆက်ဖြစ်အောင် ထားခဲ့ကြတာပါ။ ရွှေဘုန်းပွင့်မှာတော့ ဒုတိယအကြိမ် ပြန်လုပ်ဖြစ်တာပါ။ တပည့်သားသမီးတွေက အဘကျေးဇူးဆပ်တဲ့အနေနဲ့ ရွှေဘုန်းပွင့်စေတီတော်မှာ တကယ်လိုအပ်နေတဲ့ ဂြိုဟ်တိုင်တွေမှာ ရေလှူဒါန်းပူဇော်ဖို့ ရေနည်းနေတာကြောင့်မို့ ရေတိုင်ကီကို တည်ဆောက်ပြီးလှူကြတာပါ။ ဘုရားကို ရေသပ္ပာယ်ကြတဲ့သူတွေကြောင့် အဘနဲ့ ခုစ်နေ့ရှစ်ရက်သားသမီးတွေ ကုသိုလ်ဖြစ်အောင် လှူဖြစ်ခဲ့တာပါ”လို့ အဘရဲ့ တပည့်ဖြစ်သူ ဆရာသိဒ္ဓိဇင်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ အဘရဲ့ တပည့်သန္ဓေဖြစ်ကြတဲ့ ဆရာကြီး စောရန်နိုင်၊ ဦးမောင်မောင်မြင့်အေး (လာဘ်မိုးဆွေ)၊ ဆရာသိဒ္ဓိဇင်၊ ဒေါက်တာ ဆရာမစောယုနွယ်၊ ဆရာခင်ဇော်၊ ဆရာအောင်ကျော်မျိုး၊ ဆရာမ ဇင်လှိုင်နှင်း စတဲ့သူတွေ တပည့်သားသမီး မျိုးဆက်သစ်တွေက လူအယောက်ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ ဧကံသ ကုသိုလ်အလှူအနေနဲ့ အဘအတွက် စမူဆာနဲ့ လက်ဖက်ရည်၊ ထမင်းနဲ့ ဟင်း၊ ရေခဲမုန့် အလှူအယောက် ၂၀၀၀ ကျော်စာကို ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက် အဘပညာရပ်နဲ့ အသက်မွေးနေကြသူ တွေက ဗေဒင်ပညာရပ်နဲ့ ကုသိုလ်ပြု ဟောပြောမှုတွေကို လုပ်ဆောင်ပေးခဲ့ကြပါတယ်။

#အောင်ကျော်မျိုး #ZinHlaingHnin #AunyKyawMyo #ဇင်လှိုင်နှင်း #ဧကံသ #ဧကံသဗျာကရဏဗေဒပညာ
#မင်းသိင်္ခ #MinTheinKha #ရွှေဘုန်းပွင့် #MTEntertainment

မူရင်းသတင်း — Myanmar Transparency News