
အလက်စကာပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကျေးဇူးတော်ချီးမွမ်းပွဲ (Thanksgiving) အတွက် အေးခဲထားတဲ့ ကြက်ဆင်သားတွေကို လေယာဉ်ပေါ်က ကြဲချပေးပို့နေသူတစ်ယောက် ရှိပါတယ်။ သူကတော့ အက်စသာကိမ်း (Esther Keim) ပါပဲ။
ကုန်းလမ်းဆက်သွယ်ရေး မရှိ၊ ကုန်စုံဆိုင် မရှိ၊ လျှပ်စစ်မီးလိုင်း မရှိတဲ့ ဒီဒေသမှာ နေထိုင်သူတွေဟာ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ ရဖို့အတွက် လေယာဉ်၊ မြစ်တွင်းသွားလှေ ဒါမှမဟုတ် နှင်းတောစီးစက်တွေကိုသာ အားကိုးရပြီး ရှည်လျားလှတဲ့ ဆောင်းရာသီအတွက် အစားအစာ ဘယ်လောက် သိုလှောင်ထားနိုင်မလဲဆိုတာကို အသေးစိတ် တွက်ချက်စီမံကြရပါတယ်။

အက်စသာကိမ်းဟာ အလက်စကာပြည်နယ်မှ စကွမ့်နာ (Skwentna) ဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်ခဲ့သူပါ။ သူ ငယ်စဉ်ကတည်းက ကျေးဇူးတော်ချီးမွမ်းပွဲရောက်ခါနီးရင် လေယာဉ်ငယ်ပေါ်ကနေ ကြက်ဆင်သားနဲ့ အခြားစားစရာလေးတွေ ကြဲချပေးတာကို ဝမ်းသာအားရ စောင့်ကြည့်ခဲ့ဖူးပါတယ်။ အဲဒီအစဉ်အလာကို စတင်ခဲ့သူကတော့ ကန်နီဟုချ် (Kenny Hughes) ဆိုတဲ့ ဒေသခံလေယာဉ်မှူး ဖြစ်ပါတယ်။
” ကန်နီက သတင်းစာတစ်စောင် ကြဲချပေးတတ်တယ်၊ အဲဒီသတင်းစာထဲမှာ ပီကေတစ်ထုပ် ပါတတ်တယ်။ ဈေးဆိုင်ကို အလွယ်တကူ သွားဝယ်လို့မရတဲ့ ကလေးတစ်ယောက်အတွက်တော့ ပီကေတစ်ထုပ်က အရမ်းကို တန်ဖိုးရှိခဲ့တာပေါ့ ” လို့ အက်စသာကိမ်းက ဆိုပါတယ်။

အခုအခါမှာတော့ အက်စသာကိမ်းဟာ အင်ဂျင်တစ်လုံးတပ် Stinson လေယာဉ်လေးတစ်စင်းကို ဝယ်ယူထားပြီး ကန်နီဟုချ်ရဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပါပြီ။
သူဟာ ကြက်ဆင် ၃၆ ကောင်ရဲ့ အေးခဲထားတဲ့ အသားတွေကို အဝါရောင် ဂုန်နီအိတ်တွေထဲထည့်ပြီး အလက်စကာပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ လေယာဉ်ငယ်ပေါ်ကနေ ကြဲချပေးခဲ့တာပါ။

ကန်နီကို ဂုဏ်ပြုမှုအနေနဲ့ စတင်ခဲ့တဲ့ ” ကြက်ဆင်ဗုံး “အစီအစဉ်ဟာ အခုဆိုရင် နှစ်စဉ်အစဉ်အလာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ” ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေသူတွေဟာ တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် သိပ်မရကြပါဘူး။ ဒီလုပ်ရပ်လေးကတော့ သူတို့အတွက် ‘ ငါ တစ်ယောက်တည်း အထီးကျန်နေတာ မဟုတ်ပါလား၊ ငါတို့အတွက် ဂရုစိုက်ပေးမယ့်သူ ရှိပါသေးလား ‘ ဆိုတဲ့ ခံစားချက်မျိုး ရစေပါတယ် ” လို့ အက်စသာကိမ်းက ပြောပါတယ်။
Ref: The Alaska Turkey Bomb: Pilot Drops Thanksgiving Turkeys From the Sky for Remote Families
NZ (ရိုးရာလေး)