သက်တံ့
၂၅. ၁၁. ၂၀၂၆
မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော်ပြုံယမ်းတွင် နိုဝင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် အခမ်းအနားအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အသစ်ခန့်အပ်လိုက်သော သံအမတ်ကြီးများအား ကိုယ်တိုင်ကြိုဆိုခဲ့ကာ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို လက်ခံရယူခဲ့ပြီး ယင်းလုပ်ဆောင်ချက်မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးက အဆိုပါတာဝန်ကို ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသံအမတ်ကြီးများသည် ရုရှား၊ ဆွီဒင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရာဇီး၊ ချက်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ကိုယ်စားပြုသူများ ဖြစ်ကြသည်။ ကင်ဂျုံအန်သည် ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီဌာနချုပ်တွင် သံတမန်တစ်ဦးချင်းစီနှင့်အတူ ဓာတ်ပုံရိုက်ကူးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးလည်း တက်ရောက်ခဲ့သည်။

The Standard သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ၏ သံအမတ်ကြီးသည် ပေကျင်းမြို့တွင် အခြေစိုက်ပြီး မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးကိုပါ ပူးတွဲတာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ သံအမတ်ကြီးများသည်လည်း အလားတူပုံစံဖြင့်ပင် တာဝန်ယူဆောင်ရွက်ကြခြင်း ဖြစ်သည်။ သတင်းဖော်ပြချက်များတွင် ထိုင်းနိုင်ငံကိုယ်စားလှယ်၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိသော်လည်း ပေကျင်းမြို့ရှိ ထိုင်းသံရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါသံအမတ်ကြီးမှာ မစ္စတာ ချတ်ချိုင်း ဝိရိယဝေဂျာကူးလ် (Chatchai Viriyavejakul) ဖြစ်သည်။
မြောက်ကိုရီးယားတွင် ယခင်က နိုင်ငံခြားသံအမတ်ကြီးများအား ကြိုဆိုခြင်းနှင့် ခန့်အပ်လွှာလက်ခံခြင်းတို့ကို ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌကသာ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အရ ယခုကဲ့သို့ ပြောင်းလဲလာခြင်း ဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၉၀ အရ နိုင်ငံတော်အကြီးအကဲဖြစ်သူ နိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌ ရာထူးကို ရယူထားသည့် ကင်ဂျုံအန်အား နိုင်ငံခြားသံတမန်များထံမှ သံအမတ်ခန့်အပ်လွှာ လက်ခံပိုင်ခွင့် အာဏာကို ပေးအပ်ထားသည်။
ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ၌ ကင်ဂျုံအန်က မိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် နယ်မြေချဲ့ထွင်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်ဟု ဆိုသည်။
NK News ၏ ဖော်ပြချက်အရ ပြုံယမ်း၏ နိုင်ငံခြားရေးမူဝါဒသည် “ဗိုလ်ကျစိုးမိုးရေးကိုရော နယ်မြေချဲ့ထွင်ရေးကိုပါ မလိုလားကြောင်း” ကင်ဂျုံအန်က သံအမတ်ကြီးများကို ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာဥပဒေနှင့် မြောက်ကိုရီးယားဥပဒေများနှင့်အညီ နိုင်ငံခြားသံတမန်များ၏ အခွင့်အရေးနှင့် သံတမန်ကင်းလွတ်ခွင့်များကို အကာအကွယ်ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။
သို့ရာတွင် အရှေ့အာရှဒေသ၏ လုံခြုံရေးအခြေအနေများကြောင့် မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ ကာကွယ်ရေးစွမ်းရည်များကို အလျင်အမြန် မြှင့်တင်ရန် လိုအပ်နေကြောင်း ကင်ဂျုံအန်က ပြောဆိုခဲ့သည်။ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ အဆိုပါမိန့်ခွန်းသည် မြောက်ကိုရီးယား၏ လက်ရှိရပ်တည်ချက်များကို ထပ်လောင်းပြောဆိုခြင်းသာ ဖြစ်သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားရေးရာ ကထိကတစ်ဦးဖြစ်သူ ယန်မူဂျင်းက သံအမတ်ကြီးများအား တစ်စုတစ်စည်းတည်း လက်ခံတွေ့ဆုံခြင်းသည် မြောက်ကိုရီးယားကို ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖော်ရန်နှင့် မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း NK News သို့ ပြောကြားခဲ့သည်။
ဆိုးလ်မြို့ရှိ အီဝါအမျိုးသမီးတက္ကသိုလ်မှ မြောက်ကိုရီးယားရေးရာ ပါမောက္ခ ပတ်ခ်ဝန်ဂွန်ကလည်း ယခုအခမ်းအနားသည် ပြုံယမ်း၏ သံတမန်ရေးရာ လှုပ်ရှားမှုများအပေါ် ယုံကြည်မှု ပိုမိုမြင့်တက်လာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Ref: The Thaiger
