









ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့ပေါ်ရပ်ကွက်တွင် ငွေကျပ် ၁.၁၄၃ ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံများအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်တွင် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ရှိ လုံခြုံရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ အဆိုပါရပ်ကွက်၊ ခတ္တာလမ်းသွယ်ရှိ ကျလား(ကျား)၊၂၈နှစ်၊(ဘ)ဦးကျလော့ (လားဟူ/ခရစ်ယာန်)နှင့် စိုမူလာ(ကျား) ၃၀နှစ်၊(ဘ)ဦးကျတော့(လား/ခရစ်ယာန်)တို့ ၂ဦးနှင့်အတူ ၎င်း၏နေအိမ်အောက်ထပ် စတိုခန်းအတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ရောင်စုံအစင်းကြားဆာလာအိတ်အတွင်းမှ အိုက်စ် ၃၃ ကီလို ဂရမ်ခန့် (ဒေသတန်ဖိုး အိုက်စ် ၁ ကီလို ဂရမ်လျှင် ကျပ်သိန်း ၈၀ နှုန်းဖြင့် ကျပ်သိန်း ၂,၆၄၀ ခန့်)၊အနီရောင်လက်ဆွဲခြင်းအတွင်းမှ Happy Water ၅.၂ ကီလိုဂရမ်ခန့်(ဒေသတန်ဖိုး Happy Water ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၁,၁၀၀ နှုန်းဖြင့် ကျပ်သိန်း ၅,၇၂၀ ခန့်)၊ ကက်တမင်းအဆီရည် ၁ လီတာခန့်(ဒေသတန်ဖိုး ကက်တမင်း ၁ လီတာလျှင် ကျပ်သိန်း ၃,၀၀၀ နှုန်းဖြင့် ကျပ်သိန်း ၃,၀၀၀ ခန့်)၊ WY စာတန်းပါ စိတ်ကြွဆေးပြား ၂,၀၀၀ ပြား(ဒေသတန်ဖိုး WY ဆေးပြား ၁ ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၁၀ သိန်းကျပ်ခန့်)၊ အက်တက်စီဆေးပြား ၁၀၀ ပြား(ဒေသတန်ဖိုး အက်တက်စီ ဆေးပြား ၁ ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၄၀ ခန့်)၊ ကတ်တမင်း ဝ.၃ ကီလိုဂရမ်ခန့် (ဒေသတန်ဖိုး ကတ်တမင်း ၁ ကီလိုဂရမ်လျှင် ၈၅ သိန်း ကျပ်နှုန်းဖြင့် ၂၅.၅ သိန်းကျပ်ခန်) ၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုး ၁၁,၄၃၅.၅ ကျပ်သိန်းခန့်၊ (၁.၁၄၃ ဘီလီယံ ကျပ်ခန့်)တို့အားဖမ်းဆီးရမိပြီး ဖုန်း ၄ လုံး၊ ကြယ် ၅ လုံး တံဆိပ်နှင့် GUANYINWANG စာတန်းပါ အစိမ်းရောင် တရုတ် လက်ဖက်ခြောက် အိတ်ခွံ ၁၀ အိတ်တို့ သိမ်းဆည်းရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmar #News