၂၆.၁၁.၂၀၂၆
Translated by Htwe Ko Tun
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အနီး ဂီဇာမြို့တွင် လူသွားလူလာများပြားသော အဝေးပြေးလမ်းမကြီး Ring Road ပေါ်တွင် နိုဝင်ဘာလ ၂၅ ရက်က လောင်စာဆီတင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၃၁ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားရာသို့ ကယ်ဆယ်ရေး လူနာတင်ယာဉ် အများအပြား ရောက်ရှိလာခဲ့ပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်း အီဂျစ်ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့ကြသည်။

ဂီဇာမြို့၊ ဝါရက် (Waraq) ခရိုင်ရှိ Ring Road ပေါ်တွင် လောင်စာဆီတင်ကား တိမ်းမှောက်ပြီးနောက် ကြီးမားသော မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Ring Road က ကိုင်ရိုမြို့ကြီးနှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများကို ဝန်းရံထားသည့် လမ်းမကြီးတစ်ခု ဖြစ်သည်။
အီဂျစ် ကျန်းမာရေးဝန်ကြီး ခါလက် အဗ္ဗဒယ်လ် ဂတ်ဖ်ဖာက ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သည်။ ၎င်း၏ အဆိုအရ လူနာတင်ယာဉ် ၃၉ စီးသည် အဆိုပါ မတော်တဆမှုနေရာသို့ ရောက်ရှိ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မတော်တဆမှု ဖြစ်ပွားပြီးနောက် ကြီးမားသော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ယာဉ်များအတွင်းမှ လူများကို ဆွဲထုတ်ကယ်ဆယ်ခဲ့ကြသည်။ လူဦးရေ ထူထပ်သော ဝါရက်ခရိုင်၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် လူအများအပြား စုဝေးရောက်ရှိလာခဲ့ကြသည်။
မီးလောင်ကျွမ်းမှုကြောင့် ကားများနှင့် ဆိုင်ကယ်များ အပါအဝင် ယာဉ်အနည်းဆုံး ၂၇ စီး မီးလောင်ကျွမ်း ပျက်စီးခဲ့သည်။
အီဂျစ် ဥပဒေစိုးမိုးရေးဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိခဲ့သည့် သေဆုံးသူများကို ခွဲခြားသိရှိနိုင်ရန် မျိုးဗီဇ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အီဂျစ်သမ္မတ အဗ္ဗဒယ်လ ဖတ်တာ အယ်လ် စစ်စီက သေဆုံး၊ ဒဏ်ရာရရှိသူများအတွက် အထူးဝမ်းနည်းကြောင်းနှင့် စာနာမိကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။
အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက “ဤဝမ်းနည်းကြေကွဲဖွယ် အချိန်ကာလတွင် သေဆုံးသူများ၏ မိသားစုဝင်များ၊ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နှင့် မိတ်ဆွေများအဖြစ် သတ်မှတ်ထားသော အီဂျစ်ပြည်သူများအတွက် အထူးပင် စာနာဝမ်းနည်းကြောင်း” ဖော်ပြခဲ့သည်။
အီဂျစ်နိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား သံအမတ်ကြီး မိုဟာမက် ဆိုဖိန်း ဘာရာကလည်း ကိုင်ရိုမြို့ရှိ အယ်လ်ဂျီးရီးယား သံရုံးအနေဖြင့် အီဂျစ် အာရပ်သမ္မတနိုင်ငံ အပေါ် အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်းနှင့် စိတ်ရင်းမှန်ဖြင့် စာနာထောက်ထားကြောင်း ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံတွင် လမ်းအခြေအနေ ဆိုးရွားခြင်း၊ ပေါ့ဆစွာ မော်တော်ယာဉ် မောင်းနှင်ခြင်းနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ အရေးယူဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref: DW News
