၂၆.၁၁.၂၀၂၆
Written by Linn Eain
ဥက္ကံဘူတာနှင့် ဖလုံဘူတာအကြား ရထားသံလမ်းအလယ် အိမ်ပျော်နေသည့် အမျိုးသားတစ်ဦး အမှတ် (၇၂) အစုန် ပြည်-ရန်ကုန် လူစီးအမြန်ရထားဖြင့် ကြိတ်မိ၍ သေဆုံးမှု နိုဝင်ဘာ ၂၅ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမှတ် (၇၂) အစုန် (ပြည်-ရန်ကုန်) လူစီးအမြန်လေအိတ်ရထားသည် ယင်းနေ့ နံနက် ၂ နာရီ ၁၆ မိနစ်တွင် ဥက္ကံဘူတာမှ ထွက်ခွာလာပြီး တိုက်ကြီးမြို့နယ် ဥက္ကံဘူတာနှင့် ဖလုံဘူတာကြား မိုင်တိုင်အမှတ် ၅၆/၄ နှင့် မိုင်တိုင်အမှတ် ၅၆/၃ ကြားသို့ နံနက် ၂ နာရီ ၁၉ မိနစ်အချိန် ရောက်ရှိဖြတ်သန်းခဲ့သည်။
ထိုသို့ဖြတ်သန်းစဉ် ရထားသံလမ်း အလယ်တွင် အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးအား ရထားဖြင့် ကြိတ်မိခဲ့ရာ ဝဲဘက် လက်တံတောင်ဆစ် အောက်မှပြတ်၊ ဦးခေါင်းယာဘက် ချိုစောင်းပေါက်ပြဲဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါရထားဖြင့် လိုက်ပါလာသည့် ရထားရဲအဖွဲ့သည် နယ်မြေခံ ဥက္ကံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး စခန်းမှူးရဲအုပ်ဦးစီးသည့် ရဲများသည် နံနက် ၃ နာရီတွင် ရောက်ရှိစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဥက္ကံမြို့၊ ပနီပင်ကျေးရွာတွင်နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ဦးရဲဇာနည်(ဘ) ဦးခင်မောင်မြင့် မှတ်ပုံတင်မရှိ ဆိုသူဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအား ဥက္ကံမြို့ ငြိမ်းအေးချမ်းသာလူမှုကူညီရေး အသင်းယာဉ်ဖြင့် ဥက္ကံတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်အား ဥက္ကံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် (၁၅/၂၀၂၆) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ရထားလမ်းအနီးနေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် ရထားလမ်းပေါ်နှင့် ရထားလမ်းအနီး စည်းကမ်းမဲ့ ဖြတ်သန်းသွားလာမှုများကြောင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားပြီး ရထားလမ်းပေါ်တွင် အိပ်စက်ခြင်းမျာကြောင့်လည်းကောင်း မတော်တဆမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထိုကဲ့သို့ လူသေဆုံး/ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ကြုံတွေ့နေရသဖြင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်များ ပူးပေါင်း၍ ရထားလမ်းအနီးရှိ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်များတွင် လူထုအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဘူတာများရှိ ကြော်ငြာသင်ပုန်းများတွင် အသိပေးထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ “ရထားအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များ”ကို ပြည်သူအားလုံး အထူးအလေးထား လိုက်နာကြရန်လိုအပ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။